Monday, October 1, 2012

သွေးတိုး၊ အကြောတက်၊ လေးဘက်နာ သားသတ်လွတ်စားပါ


တစ်ခါက တောထွက်ကြီးတစ်ပါး သားသတ်လွတ် ဆွမ်းဘုဉ်းပေးနေသဖြင့် ဆွမ်းလှူသော ဒကာတစ်ဦးက ဘုန်းဘုန်း အဓိဋ္ဌာန်ဝင်ပြီး ဘုဉ်းပေးနေတာလား၊  ဘယ်နှစ်ရက်၊ ဘယ်နှစ်လ အဓိဋ္ဌာန်လဲဟု လျှောက်ထားလေသည်။ တောထွက်ကြီးက အဓိဋ္ဌာန် မဟုတ်ပါဘူး၊ သွားနာနေလို့ပါဟု ဖြေလေသည်။ ရှေးက သွေးတိုးရောဂါ ဖိစီးနှိပ်စက်နေသူ တစ်ဦးသည် ဆေးအမျိုးမျိုး စားသော်လည်း မသက်သာ၊လူကလည်း တစ်နေ့တခြား ဝလာသဖြင့်
သားသတ်လွတ်စားရန် စိတ်ကူးမိသည်။ သို့သော် သူသားသတ်လွတ် စားသည်မှာ အသားတုများ စားနေသဖြင့် စိတ်ကအသားကိုသာ ရောက်နေတော့သည်။ အသားတုစားသည်မှာ အသားအစစ် စားရသလို ဖြစ်နေသဖြင့် သူ့သွေးတိုးရောဂါမှာ ထူးထူးခြားခြား မကျဟု ဆိုသည်။ နောက်ဆုံး အသားတုကိုပါ ရှောင်ပြီး အသီးအရွက် စားမိသည်နှင့် နောက်တစ်ရက်တွင် ခြေမဆစ်၊ ဒူးဆစ်ကြီးများ ရောင်လာလေ့ ရှိသည်။ ငါးစားလျှင် ယူရစ်အက်ဆစ် မတက်၊ ကောင်းသော အဆီကိုလက်စထရော မတက်ဟု ပြောကြသည်။ ငါးမှရသော အဆီဓာတ်တွင် အိုမီဂါ ၃၊ ဖက်တီအက်ဆစ် ပါသဖြင့် ကောင်းသော ကိုလက်စထရောအဆီ အားကောင်းစေသည်ဟု ဆိုကြသည်။ သို့သော် အချို့ငါးများတွင် မွေးမြူရေး အစာကျွေးရာတွင် ဓာတုဗေဒ ပစ္စည်းပါဝင်မှု များခြင်း၊ အစာစပ်ရာတွင် ငါးအတွက် အသားတိုးဆေး၊ ရောဂါကာကွယ်ဆေးများ ဖြစ်စေနိုင်ကြောင်း ဆေးပညာဂျာနယ် တစ်စောင်တွင် မကြာသေးမီက ဖတ်ရှုလိုက်ရပါသည်။ ဓာတုဗေဒ ပစ္စည်းများ ငါးများတွင်ပါ မလွတ်ကင်းတော့ကြောင်း တွေ့ရသည်။

ဝက်နှင့်ကြက်များတွင် အသားတိုးစေရန် ကျွေးသောအစာတွင် သဘာဝမဟုတ်သော ဓာတုပါဝင်သည့် ဆေးများ ရောစပ်ထားသည်။ ရောစပ်စာတွင် ပါဝင်သောကြောင့် ဝက်နှင့်ကြက်များတွင် အသားတိုးပြီး ရက်တိုတိုနှင့် ကြီးထွားကြသည်။ ၎င်းအစာကို စားသူများတွင် သွေးတိုးရောဂါနှင့် လေဖြတ်ရောဂါဖြစ်ဖို့ အလားအလာ များနေသည်ဟု သုတေသီများက ဆိုသည်။ ထိုဓာတုဗေဒ ပစ္စည်း ကြီးထွားဆေးတွေကို အသီးအရွက် စားသုံးသူများတွင် လွတ်ကင်းသည်ဟု ထင်လျှင် မှားပါလိမ့်မည်။ အသီးအရွက် ကြီးထွားစေရန် မြေသြဇာတွင်သာမက အပင်ဖျန်းဆေး၊ အရောင်လှအောင် အသီးမှည့်မြန်အောင် သုတ်သောဆေးများပါ ပေါ်နေပြီး သုံးစွဲနေပြီ ဖြစ်သည်။ ဤသည်မှာ တိုးတက်သောခေတ်၏ ဆုတ်ယုတ်သော ကျန်းမာရေးကဏ္ဍ ဖြစ်သည်။ ထို့ကြောင့်ပင် လေးဖက်နာအတွက် သားသတ်လွတ်စားလျှင် အကျိုးရှိကြောင်း တိုက်တွန်းလိုသော်လည်း မည်သည့်အစာကို မည်သို့ရှောင်ကြဉ် စားသောက်မှသာလျှင် သတ်သတ်လွတ်စားသည့် အကျိုးရမည်ကိုပါ သတိပေးဖို့ လိုအပ်လာပါသည်။ သဘာဝခြံထွက်၊ တောထွက်၊ အသီးအနှံများသည် အရွယ်အစားသေးသည်။ သို့သော် ဓာတုဗေဒ ကင်းစင်သည်။ ခေတ်မီ စနစ်တကျ စိုက်သည့် သြဂဲနစ် အစားအစာများမှာကား စိတ်ချရသော်လည်း ၃ ဆ ၄ ဆမျှ ဈေးကြီးသည်။ လူလတ်တန်းစားနှင့် ဆင်းရဲသားများ မစားနိုင်၊ ဖြစ်နိုင်လျှင် မိမိအိမ်တွင် စိုက်ပျိုးသော အသီးအနှံသာလျှင် စိတ်အချရဆုံးဟု ပြောရမလို ဖြစ်နေလေပြီ။ သားသတ်လွတ် အစာတွင်လည်း ဂေါက်ရောဂါနှင့် မတည့်သောအစာ ရှိသေးသည်။

အစေ့မှအပင်၊ အညှောင့်ထွက်လာသော အစာ၊ ဥပမာ ပဲပင်ပေါက်၊ ပဲတီချဉ်စသည်များ အဆစ်ရောင်ရောဂါနှင့် မတည့်ပါ။ ထို့အတူ အစေ့များစွာ ပါဝင်သော ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီး ပန်ထွေဖျော်၊ ခရမ်းချဉ်သီး ဆော့များသည် ဂေါက်ရောဂါ အဆစ်အမြစ်ရောင်ရောဂါနှင့် အဆင်မပြေသော အစာများ ဖြစ်လေသည်။ စစ်ကိုင်းချောင်တွင် ငယ်စဉ်က လေးဘက်နာဒဏ်ရာ အပြင်းအထန် ခံခဲ့ရဖူးသော သီလရှင်တစ်ပါး တွေ့ဖူးသည်။ ယခုအခါ အသက်ကြီးပြီ ဖြစ်သည်။ နေ့စဉ် ငှက်ပျောသီးမှည့် ထန်းလျက်ဖြင့်သာ ဆွမ်းကိစ္စပြီးသည်ဟု ဆိုသည်။ ရေအေးမသောက်၊ ရေနွေး၊ ရေကျက်အေးသာ သောက်သည်ဟု ဆိုသည်။ ထိုသို့ အစားအသောက်ပုံစံ ပြောင်းပြီးကတည်းက သူငယ်စဉ်ကတည်းက မိုးအုံ့လျှင် အစားမှားလျှင်ဖြစ်သော အဆစ်များရောင်သည့် ရောဂါမှာ အလျဉ်း ပျောက်ကင်းသွားသည်ဟု ဆိုပါသည်။ ရေနွေးကြမ်း၊ ရေကျက်အေး သောက်ခြင်းသည် လေးဖက်နာ၊ အဆစ်ရောင်ရောဂါ၊ နှလုံးသွေးကြောကျည်း ရောဂါများကို သက်သာစေသော နည်းလမ်းကောင်း ဖြစ်သည်။ ဝလွန်းသူများ တကယ်အဆီချချင်လျှင် ရေနွေးကြမ်း သောက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ရေခဲရေကို လုံးဝရှောင်သင့်သည်။ ကလေးငယ်တစ်ဦးသည် ငယ်ငယ်ရွယ်ရွယ်နှင့် ကလေး လေးဖက်နာ ဖြစ်သည်။ ထိုကလေးမှာ ခေါက်ဆွဲခြောက်ထုပ်များ ကြိုက်သည်။ အာလူးကြော်ဆိုလျှင် အလွန်ကြိုက်သည်။ ထိုကလေးတွင် အဆစ်များ နာကျင်ကိုက်ခဲလာသဖြင့် အရိုးအဆစ်ရောဂါ အထူးကုဆရာဝန်ကြီးနှင့် ပြသည်။ ဆရာဝန်ကြီး၏ ရှင်းပြချက်အရ ထိုကလေးမှာ ပိုးမရှိ၊ လေးဖက်နာမဟုတ်၊ ပင်နီဆလင်ပေးရန်လည်း မလိုဟု ဆိုသည်။ ကလေးတွင်ဖြစ်သော လေးဖက်နာမှာ အစားအသောက်ကြောင့် ကြီးထွားမှုမြန်ပြီး Growing Pain ကြီးထွားမှုကြောင့်ဖြစ်သော နာကျင်ကိုက်ခဲမှု ဝေဒနာဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့သော ကလေးမျိုးကို သူကြိုက်သည့် အစားများကိုဖြတ်ပြီး အသီးအနှံများ ပါသော အစာကို အဓိကထား ကျွေးကြည့်လျှင် သက်သာလာပါလိမ့်မည်။ ပထမတွင် ကလေးမစားချင် ဖြစ်နိုင်သော်လည်း နောင်တွင် အဆင်ပြေသွားနိုင်ပါသည်။ သို့မဟုတ်လျှင် ထိုကလေးတွင် နာတာရှည် လေးဖက်နာ ရသွားပါလိမ့်မည်။ မိတ်ဆွေ ဆရာဝန်ကြီးတစ်ဦး၏ မြေးငယ်လေးတွင် ထိုကဲ့သို့ လေးဖက်နာဖြစ်သဖြင့် ညဘက်တွင် မအိပ်ရ၊ အကိုက်အခဲ ပျောက်ဆေးများကို ကလေးအသက်အရွယ်နဲ့ ချိန်ပြီး ပေးနေရသည်။ ပရက်ဒီစလုန်းကဲ့သို့ ဆေးပြင်းများကိုလည်း မြေးငယ်လေးကို မပေးချင်သဖြင့် အတော် ဒုက္ခရောက်ခဲ့သည်။ နောက်မှ သားသတ်လွတ် ဓာတ်စာကုထုံးကို သတိရသဖြင့် ကလေးကို သားသတ်လွတ် စားနိုင်အောင် စီစဉ်ရတော့သည်။ အာလူးကိုပြုတ်ပြီး နူးအောင်ချေပြီး ပဲရာဇာပြုတ်ရည် ချိုချိုနှင့် ထပ်မံရောမွှေပြီး ကျွေးသည်။ ငှက်ပျောသီး မှည့်မှည့်ကို ပူတင်းကဲ့သို့ မီးဖုတ်ကျွေးသည်။ သားသတ်လွတ် ဆိုသော်လည်း ငှက်ပျောပေါင်းနှင့် ပူတင်းပြုလုပ်ရာတွင် ကြက်ဥနှင့် နွားနို့မှာ မကင်းနိုင်ပေ။ ကလေးပါးစပ် အရသာတွေ့စေရန် ထည့်ပေးရသည်။ အသားနှင့် ဂက်စ်ပါသော အချိုရည်များ မစားလျှင် တော်ပြီဟု ယူဆရမည်ဖြစ်သည်။ ကလေး၏ စားသောက်ပုံ၊ အလေ့အကျင့်ကို စိတ်ရှည်ရှည်ထား ပြောင်းပေးလျှင် ရနိုင်ပါသည်။ ဥပမာ အရုပ်လိုချင်လျှင် အစာစားရမည်ဟု တောင်းဆိုပြီး ကျွေးမွေးခြင်းမျိုး သူသိပ်မကြိုက်သော အစာကို ဝင်အောင် ချော့ကျွေးရပါသည်။ သားသတ်လွတ်ကို ရက်ရှည်လများ နှစ်နှင့်ချီစားသူများလည်း ရှိပါသည်။ ဤကဲ့သို့ ရက်ရှည်စားချင်လျှင် အသားဓာတ် မချို့တဲ့အောင်ဘဲ စားပေးဖို့ လိုပါသည်။ ပဲမျိုးစုံစားလျှင် အသားဓာတ် ရနိုင်ပါသည်။ သို့သော် ကုလားပဲသည် အဆစ်ရောင်ရောဂါ၊ လေးဖက်နာနှင့် သိပ်မသင့်ပါ။ ပဲရာဇာ၊ ပဲနီလေး၊ ပဲဖြူလေး၊ ဗိုလ်စားပဲ၊ ပဲစဉ်းငုံ၊ ပဲကြား၊ စွန်တာနီ၊ စားတောပဲ၊ ပဲကြီးများ စားသုံးနိုင်ပါသည်။ ပဲပြားကိုလည်း စားနိုင်ပါသည်။ ပဲပင်ပေါက်ကိုတော့ ရှောင်ရပါမည်။

သတ်သတ်လွတ် စားသူများတွင် မုံညင်းရွက်၊ ကိုက်လန်ရွက်၊ အသားဓာတ်ပါသော အရွက်များ အစားများလျှင် လေပွတတ်ပါသည်။ သတ်သတ်လွတ် ၉ ရက်စားခြင်း၊ ၁၀ ရက်စားခြင်း၊ ၂၁ ရက်စားခြင်း၊ ၄၉ ရက်စားခြင်း စသည်ဖြင့် မိမိကြိုက်ရာ အယူအဆ တစ်မျိုးမျိုးဖြင့်လည်း စားနိုင်ပါသည်။ အဓိဋ္ဌာန်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ ရက်တိုဖြစ်စေ၊ ရက်ရှည်ဖြစ်စေ အကျိုးရှိနိုင်ပါသည်။ တစ်စုံတစ်ရာကို စောင့်ထိန်းရသော သူတွင် စိတ်ဓာတ်မြှင့်တင်ရသဖြင့် စိတ်ဓာတ်စွမ်းအား တက်လာနိုင်ပါသည်။ ထိုစိတ်ဓာတ် စွမ်းအားကြောင့် ကိုယ်ခံအား မြင့်တက်လာသဖြင့် ရောဂါဝေဒနာမှာလည်း သက်သာသွားတတ်ပါသည်။ ငါ သားသတ်လွတ်စားနေတာ ကောင်းတယ်။ အသားတွေ မစားချင်ဘူး၊ မမြင်ချင်ဘူး၊ ရှောင်မယ်ဟု စိတ်ဓာတ်ကို မြှင့်တင်ထားခြင်းဖြင့် အခြားစိတ်စွမ်းအင် will power များအလိုလို ရောက်ရှိလာပါလိမ့်မည်။ သားသတ်လွတ်စားခြင်းနှင့် ပတ်သက်၍ ဘာသာရေး အငြင်းပွားမှု အတော်များများ ရှိခဲ့ပါသည်။ သားသတ်လွတ်စားလျှင် ငါးပါးသီလထဲမှ “ပါဏာတိပါတာ” သူတစ်ပါးအသက်ကို သတ်ဖြတ်ညှင်းဆဲခြင်း တည်းဟူသော ရှောင်ကြဉ်ရာ သိက္ခာပုဒ်ကို စောင့်ထိန်းပြီးသား ဖြစ်သည်ဟုလည်း ဆိုကြသည်။ အချို့ကလည်း ဘုရားက သားသတ်လွတ်စားဖို့ မဟော၊ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း သားသတ်လွတ် ဘုန်းပေးသည်ဟုလည်း မရှိ။ လှူဒါန်းသူ၏ ဆန္ဒပြည့်မြောက်စေရန် ရဟန်းတို့အားလည်း အသားစားခြင်းကို ခွင့်ပြုတော်မူသည်ဟု ရေးသားကြသည်များကို ဖတ်ရှုဖူးပါသည်။ ထို့ကြောင့် ရာသက်ပန် သားသတ်လွတ်စားပါဟု မတိုက်တွန်းလိုပါ။ မိမိခံစားနေရသော ရောဂါသည် သွေးတိုးရောဂါ၊ အကြောတက်ရောဂါ၊ အဆစ်အမြစ်ကိုက် ရောဂါ၊ လေးဘက်နာရောဂါ၊ အဆစ်ရောင်ရောဂါ၊ ဒူလာရောဂါ၊ ဂေါက်ရောဂါများ ဖြစ်ပြန်လျှင် အကြောင်းကြောင်းကြောင့် ရာသီဥတုကြောင့်၊ အစာအာဟာရကြောင့် ရောဂါဆိုလျှင် ဆေးမျိုးစုံ သောက်နေရသော်လည်း ဝေဒနာမှာ သက်သာပျောက်ကင်းမှု နှေးကွေးလျှင် တစ်နည်းတစ်လမ်းအားဖြင့် သားသတ်လွတ် စားကြည့်ပါ။ အထောက်အကူ ပြုပါလိမ့်မည်ဟု အကြံပေး ရေးသားလိုက်ရပေသည်။

ကြည်လွင်မြင့် (မုဒြာ)
Ref:Shade The Mandalay Hill
Source: http://news.yatanarpon.com.mm/news/article-65438

No comments:

Post a Comment