Friday, March 22, 2013

နိုင်ငံ့ ဝန်ထမ်းဘဝ သမိုင်းကြောင်း ကောင်းအောင် ကြိုးစားကြ

တာဝန် ကျေပွန်မှုနှင့် သစ္စာ စောင့်သိမှုသည် လုပ်ငန်းတစ်ခု အောင်မြင်ရေး အတွက် လိုအပ်ချက် နှစ် ရပ်ဖြစ် သည်။ လူတိုင်းလူတိုင်းသည် လောကီနယ်ပယ်၌သော်လည်းကောင်း၊ လောကုတ္တရာ နယ်ပယ်၌သော် လည်းကောင်း တာဝန်ကိုယ်စီ ရှိကြသည်။
တာဝန်ကို ကျေပွန်စွာထမ်းဆောင်မှလိုရာကိစ္စ ပြီးမြောက်မည် ဖြစ်ပေသည်။ တာဝန်ဆိုသည်မှာ လုပ်ကိုင် ဆောင်ရွက်ရမည့်အလုပ်၊ မဖြစ်မနေ လုပ်ကိုင်ရမည့်အရာပင် ဖြစ်သည်။ တာဝန်သိ ပြည်သူ ပြည် သားတို့ ပေါများသော နိုင်ငံများသည်  ဖွံ့ဖြိုးတိုးတက်မှု ရှိကြောင်း ကမ္ဘာ့ နိုင်ငံများတွင် တွေ့နိုင်ပေသည်။
မြန်မာမှုနယ်ပယ်တွင်  ''အများအကျိုးဆောင် ကိုယ့်အကျိုးအောင်''ဟူသော ဆောင်ပုဒ်ရှိသည်။ အများ အကျိုးသယ်ပိုးလိုသော စိတ်ဓာတ်သည် မွန်မြတ်သည်။ နိုင်ငံဝန်ထမ်း တာဝန်ထမ်းဆောင်ခြင်းသည် ကုသိုလ်လည်းရ ဝမ်းလည်းဝသော လုပ်ငန်း ဖြစ်သည်။ အများ အကျိုးဆောင် ကိုယ့်အကျိုး အောင်သော လုပ်ငန်းဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်တွင် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်၊ ရပိုင်ခွင့်နှင့် စည်းကမ်းများကို သတ်မှတ် နိုင်ရန် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ၂ဝ၁၃ ခုနှစ် မတ် ၈ ရက် နေ့တွင် ၂ဝ၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅ အဖြစ် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေး ထိုး ထုတ်ပြန်ခဲ့ပါသည်။ အခန်း(၁၄) ခန်းပါ အဆိုပါဥပဒေတွင် နိုင်ငံ့ဝန်ထမ်းများတာဝန် ထမ်းဆောင်ချိန်မှ အငြိမ်းစားယူသည်အထိ တာဝန်နှင့်အခွင့်အရေးများ၊ ဝန်ထမ်းများအရည်အသွေး မြင့်မားရန် လေ့ကျင့် ပညာပေးရေး ဝန်ထမ်းကျင့်ဝတ်နှင့် လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာခြင်းတို့ ပါဝင်ပါသည်။
နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေအခန်း(၄) တာဝန်နှင့် အခွင့်အရေးများတွင် ဝန်ထမ်းတိုင်းသည် အောက်ပါတို့ကို လိုက်နာရန် တာဝန် ရှိသည်ဟု ပြဋ္ဌာန်း ထားပေသည်။
(က) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေခြင်း၊
(ခ ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေ များပါ ပြဋ္ဌာန်းချက် များကို လိုက်နာခြင်း၊
(ဂ ) နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုး စီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံတော်ပိုင် ပစ္စည်း၊ နိုင်ငံတော် ဘဏ္ဍာများ လေလွင့် ဆုံးရှုံးမှု မရှိစေရေးနှင့်  အလွဲသုံးစားမှု မပြုရေး တို့အတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
(င)  မိမိအား ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊
(စ) ဤဥပဒေအရ ပြုလုပ်သောနည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ဝန်ထမ်း အဖွဲ့အစည်းအလိုက် သီးခြား သတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက် များကို လိုက်နာခြင်း၊
(ဆ) ပါတီ နိုင်ငံရေး ကင်းရှင်းခြင်း၊
(ဇ) ရာထူးဝန် အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊
(ဈ) အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူ နေထိုင်ခြင်း တို့မှ ရှောင်ကြဉ်ခြင်း၊
(ည) တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊ (ဋ) လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဌ) ပြည်သူကို ရိုသေ လေးစားခြင်းတို့ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေ (၄) တွင်ပင် အခွင့်အရေးနှင့်ပတ်သက်၍ (က) အလုပ်တည်မြဲခွင့်၊ (ခ) လုပ်ငန်းခွင် အာမခံချက် ရခွင့်၊  (ဂ) လုပ်အား၊ အတတ်ပညာ၊ တာဝန် ထမ်းဆောင်မှုနှင့် လျော်ညီသည့်လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ် ခံစားခွင့်၊ (ဃ) ရာထူး တိုးမြှင့်ခွင့်၊(င) ပညာလေ့လာဆည်းပူးခွင့်၊ (စ) ခွင့်ခံစားခွင့်၊ (ဆ) ထူးချွန်မှု၊ စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကို ခံစားခွင့်၊ (ဇ) ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်၊ (ဈ) အငြိမ်းစားယူခွင့်၊ (ည) တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ထိခိုက်ဒဏ်ရာရခြင်း၊ မသန် မစွမ်း ဖြစ်ခြင်းနှင့် သေဆုံးခြင်း တို့အတွက် အထူးပင်စင်ခံစားခွင့်၊ (ဋ) အမျိုးသမီးဝန်ထမ်း ဖြစ်ပါက တူညီသော အလုပ်အတွက်အမျိုးသားဝန်ထမ်းများ  နည်းတူအကျိုးခံစားခွင့် အပြင်မီးဖွားခြင်းဆိုင်ရာ အကျိုး ခံစားခွင့်၊ (ဌ) ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းသောအသင်း အဖွဲ့များတွင် ပါဝင်ခွင့်၊ (ဍ) ဝန်ထမ်းရေးရာခံစားခွင့်၊ ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့်၊ (ဎ) ရာထူးအနွယ်ပိုင်ဆိုင်ခွင့်၊ (ဏ) ကူးပြောင်းချိန်ခံစားခွင့်၊ (တ) ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့်  လွှဲပြောင်းတာဝန်ထမ်းဆောင်ခွင့်၊(ထ) လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာခံစားခွင့်၊ (ဒ) ပြည်ထောင်စုအစိုးရ အဖွဲ့က အခါအားလျော်စွာ သတ်မှတ်သောအခြားခံစားခွင့်ဟူ၍ ပါရှိပေသည်။ နိုင်ငံတော်၏ လက်ရှိကာလသည် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေသော ကာလဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် ဝန်ထမ်း များ၏ အခန်းကဏ္ဍသည် အထူးပင်အရေးပါလှပေသည်။ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ မိမိနှင့် သက်ဆိုင်သော လုပ်ငန်းအဖွဲ့အစည်းကို အထောက်အကူ ပြုရင်း တာဝန်ကိုယ်စီထမ်းရွက်ကာ နိုင်ငံတော် ယန္တရား ဖြောင့်ဖြူးစွာလည်ပတ်နိုင်ရန် ရှေးရှု ဆောင်ရွက် နေသူများ ဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရုံး၊ လုပ်ငန်းဌာန အသီးသီးမှာ မိမိတို့၏ ကာယစွမ်းအား၊ ဥာဏစွမ်းအား၊ ဝီရိယ စွမ်းအားနှင့် တာဝန် ထမ်းဆောင်ရင်း နိုင်ငံတော်ဘဏ္ဍာငွေထဲက လစာ၊ စရိတ်ချီးမြှင့်ငွေများကို ထုတ်ယူ ခံစား နေကြ သူများ ဖြစ်ပေသည်။ အသိပညာ၊ အတတ်ပညာကို ရင်းနှီး လုပ်ကိုင်သူများ၊ ကိုယ်ကာယ စွမ်းအားကို အရင်း ခံပြီး လုပ်ကိုင် နေသူများဖြစ်သည်။
ဝန်ထမ်းအဖွဲ့အစည်းဆိုသည်မှာ နိုင်ငံတော်၏ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ကုန်သွယ်ရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေး၊ တရားရေး ဥပဒေရေးနှင့် စာရင်းအင်း ရေးရာများကို ဆောင်ရွက်ရသော ဗဟိုနှင့်ဒေသဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအားလုံးပါဝင်သည်။ နိုင်ငံ့ဝန်ထမ်းများသည် လုပ်ငန်းအပေါ် စေတနာ ထားပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် ချစ်မြတ်နိုးတတ်ပြီး တာဝန်သိသိသစ္စာရှိရှိ ဆောင်ရွက် တတ်စေရန် နိုင်ငံ့ဝန်ထမ်းများလိုက်နာကြရမည့် ''နိုင်ငံ့ဝန်ထမ်းဥပဒေ''နှင့် တည်ဆဲ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းအမိန့် ညွှန်ကြားချက်များအား လေးစားလိုက်နာဆောင်ရွက်သွားရန်လိုပါသည်။ ပါတီ နိုင်ငံရေး ကင်းရှင်းရန်အထူးသတိထားရမည် ဖြစ်ပါသည်။
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ကဆောင်ရွက်နေသော လုပ်ငန်းများတွင် တိုင်းပြည်ချစ်စိတ်၊ တာဝန် သိစိတ်များနှင့် ပေါင်းစပ်ပြီး စိတ်ကောင်း စေတနာမွန်ထားပြီး ရိုးသားတည်ကြည်စွာ ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးဆိုသော ဒို့တာဝန်အရေးသုံးပါးကိုလည်း ထာဝစဉ်ဦးထိပ်ပန်ဆင်ရမည့် အရေး သုံးပါး ဖြစ်ကြောင်း သတိချပ်ရန် လိုအပ်ပါသည်။ ဒို့တာဝန်အရေးသုံးပါးကို ဆောင်ပုဒ်အဖြစ် သိရှိ မှတ် သားရုံဖြင့် မပြည့်စုံဘဲနိုင်ငံသူ နိုင်ငံသားတိုင်းနှင့် နိုင်ငံ့ဝန်ထမ်းတိုင်း ယုံကြည်ချက်ခံယူချက် အဖြစ် ကျင့်သုံး ဆောင်ရွက်သွားရန် အထူး လိုအပ်ပေသည်။
နိုင်ငံတော်အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍမှ နေ၍ ကိုယ်တိုင် စည်းကမ်း ပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတွင် အဘက်ဘက်မှပါဝင်၍ ကဏ္ဍပေါင်းစုံကြိုးပမ်း တည်ဆောက်နေသည့် ကာလတွင် ပါဝင် ဆောင်ရွက် နေ ကြခြင်း ဖြစ်ပေသည်။ နိုင်ငံ့ဝန်ထမ်းတိုင်းသည် မိမိတို့ဆိုင်ရာလုပ်ငန်းတာဝန်ကိုမတရားမှု၊ မမှန်ကန်မှု၊ အဓမ္မမှု၊ အဂတိလိုက်စားမှုကင်းပြီး တည်ဆဲ ဥပဒေများနှင့် အညီတာဝန်ယူ၍ နိုင်ငံတော်မှ ချမှတ်ထားသော လုပ်ငန်းများ၊ ပြည်သူများ၏ အကျိုးစီးပွားများထိရောက်စွာ အကျိုးသက်ရောက်မှု ရှိစေခြင်းဖြင့် နိုင်ငံ့ ဝန်ထမ်း များနှင့် အတူ ပြည်သူများ ပူးပေါင်းပါဝင် လာကြမည် ဖြစ်ပါသည်။
နိုင်ငံ့ ဝန်ထမ်းကောင်းများသည် လုပ်ငန်းတာဝန် ဆောင်ရွက်ရာတွင် တန်ဖိုးထားမှု၊ ခံယူချက်သဘောထား ယုံကြည်ချက်နှင့် အဖွဲ့အစည်း လုပ်ငန်းအင်အားတစ်ရပ်၏ အသိဥာဏ်ကျွမ်းကျင်မှုများ၊ တီထွင်မှုများ၊ ပင်ကို ဥာဏ်အရည်အသွေးများလိုအပ်ပါသည်။ သတ်မှတ်ထားသော လုပ်ငန်းခွင်သင်တန်းများတက်ရောက်၍ လုပ်ငန်းကျွမ်းကျင်မှု၊ အထူးကျွမ်းကျင်မှု၊ သိမှု စွမ်းရည်နှင့် လေ့လာမှု အရည်အသွေးများ ရှိရပေမည်။
နိုင်ငံ့ ဝန်ထမ်းကောင်းများ ရာထူးတိုးပေးခြင်း၊ ဂုဏ်ပြု၊ နာမည်ကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင် လက်မှတ်များပေးခြင်းများကို နိုင်ငံတော် အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့ပေသည်။ ဝန်ထမ်းကျင့်ဝတ်နှင့် လုပ်ငန်းခွင်စည်းကမ်းကို စောင့်ထိန်းလိုက်နာခြင်း မပြုသောဝန်ထမ်းများအား  ဥပဒေကြောင်း အရ အရေး ယူခြင်း၊ ဌာနဆိုင်ရာစစ်ဆေးမှု ပြုလုပ်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းများကိုလည်း နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းထားရာ အပြစ်ကြီးငယ်အလိုက်စာဖြင့်သတိပေးခြင်း၊ နှစ်တိုးလစာရပ်ဆိုင်းခြင်း၊ ရာထူး တိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊ လစာနှုန်းအတွင်း လစာ လျှော့ချခြင်း၊ ရာထူးအဆင့် လျှော့ချခြင်း၊ ပေါ့လျော့မှု သို့မဟုတ် အမိန့် ညွှန်ကြားချက်ကို မလိုက်နာမှုကြောင့် ပေါ်ပေါက်သည့် ဆုံးရှုံးမှုအားတန်ဖိုး အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊ တာဝန်မှရပ်ဆိုင်းသည့် ကာလအတွက် လစာအပြည့် ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာဝန်ချိန်အဖြစ် မသတ်မှတ်ခြင်း၊ အငြိမ်းစားယူစေခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်ထုတ်ပယ်ခြင်းများပင် ဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံဝန်ထမ်းများသည် အကျင့် ပျက်ဝန်ထမ်းများ မဖြစ်စေဘဲ ဝန်ထမ်းကောင်းများ ဖြစ်အောင် ဆောင်ရွက် သွားရန်လိုအပ်ပေသည်။
နိုင်ငံ ဝန်ထမ်းများ၏လစာတိုးမြှင့် ပေးခြင်းများသည် ဝန်ထမ်းများနှင့် ၎င်း၏ မိသားစုများ လူနေမှုအဆင့် ဘဝ မြင့်မားစေရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက် ပေးခြင်း ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ၂ဝဝ၆ ခုနှစ် ဧပြီလမှစ၍ လက်ရှိလစာနှုန်းများတိုးမြှင့်ပေးခြင်းကို ၂ဝဝ၆ ခုနှစ် မတ် ၂၆ ရက်နေ့က ထုတ်ပြန် ကြေ ညာပေးခဲ့သကဲ့သို့ အငြိမ်းစားဝန်ထမ်းများ ကိုလည်း ၂ဝ၁၁ ခုနှစ် ဇူလိုင်မှစ၍ ပင်စင်လစာများ တိုးမြှင့် ပေးခဲ့ ပါသည်။ ၂ဝ၁၂ ခုနှစ် ဧပြီမှစ၍ လစဉ် ငွေကျပ် ၃ဝဝဝဝစီ ထောက်ပံ့ကြေး များကို လည်း သတ်မှတ်ထုတ် ယူခွင့် ပြုခဲ့သည်။  ထို့အပြင် ၂ဝ၁၃ ခုနှစ် မတ် ၁၆ ရက်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး (၂ဝ)ရက်မြောက် နေ့တွင် ၂ဝ၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က တင်သွင်းရာတွင် ယခု ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင်လည်း နိုင်ငံ့ ဝန်ထမ်းများအတွက် လစာ နှုန်း ထားကို ကျပ် ၂ဝဝဝဝ စီ တိုးမြှင့် ပေးနိုင်ရန်နှင့် အချိုးကျတိုးမြှင့်လာမည့် ပင်စင်လစာနှင့် ဆုငွေများ အတွက် သာမန်အသုံးစရိတ်တွင် ထည့်သွင်းလျာထားမှုများ ပြုလုပ်ခဲ့ပါကြောင်း ထည့်သွင်းတင်ပြခဲ့သည်။ နိုင်ငံ့ ဝန်ထမ်းများမှာ လစာလုပ်ခတိုးမြှင့် ခံစားခွင့်ရရှိလာပြီ ဖြစ်၍ မိမိတို့ ကျရာတာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူ တစ်ရပ်လုံး အတွက် ကျေးဇူး ဆပ်ကြရန် တာဝန် ရှိပါ သည်။
သို့ပါ၍ ယနေ့ နိုင်ငံတော်အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများအကောင်အထည် ဖော်နေ ချိန်တွင် နိုင်ငံ ဝန်ထမ်းများသည် တာဝန်ထမ်းဆောင်ကြရာ၌ ''နိုင်ငံဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်း'' ပါ ပြဋ္ဌာန်းချက် များနှင့် အညီ လိုက်နာကျင့်သုံးကာ နိုင်ငံတော်နှင့် ပြည်သူများအတွက် မိမိတို့ကျရာ လုပ်ငန်းတာဝန်များ ကို  အောင်မြင်မှုရှိအောင် တာဝန်သိသိ၊ သစ္စာရှိရှိ၊ ရိုးရိုးသားသား၊ နိုးနိုးကြားကြား၊ တက်တက် ကြွကြွ၊ ညီညီညွတ်ညွတ်ထမ်းဆောင်ကြပြီး အကျင့်စာရိတ္တပျက်ပြားခြင်း၊ သိက္ခာမဲ့စွာ ပြုမူ နေထိုင်ကြခြင်း၊ လုပ်ပိုင် ခွင့်ကို အလွဲသုံးစား ပြုခြင်းနှင့် လာဘ်ပေးလာဘ်ယူ ပြုခြင်းတို့ကို ရှောင်ကြဉ်လျက် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသည့် ဝန်ထမ်းဘဝ သမိုင်းကြောင်း ကောင်းအောင် ကြိုးစား ကြပါရန် တိုက်တွန်း ရေးသား လိုက် ပါသည်။   ။
From.....မြ၀တီ

No comments:

Post a Comment