Saturday, June 22, 2013

အမေရိကန်နိုင်ငံလူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံအား စောင့်ကြည့်အဆင့် (၂) အဖြစ် သတ်မှတ်ထား

အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံအား စောင့်ကြည့် အဆင့်(၂) အဖြစ် သတ်မှတ် ထားကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟို အဖွဲ့ခေါင်းဆောင် ရဲမှူးကြီး ၀င်းနိုင်ထွန်း က ပြောကြားခဲ့သည်။
''မဲခေါင်ခြောက်နိုင်ငံမှာ ကျွန်တော်တို့ နိုင်ငံကိုစောင့်ကြည့် အဆင့်(၂) သတ်မှတ်ထားတယ်။ ကျွန်တော်တို့ လိုပဲ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကိုလည်း စောင့်ကြည့်အဆင့် (၂)အဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘောဒီးယား ၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေကိုတော့ အဆင့်(၂)အဖြစ် သတ်မှတ်ထားပါတယ်'' ဟု ရဲမှူးကြီး ၀င်းနိုင်ထွန်း က ပြောကြားခဲ့သည်။
နိုင်ငံဖြတ်ကျော် မှုခင်းများကို တားဆီးကာကွယ်ရေး ကွန်ဗင်းရှင်းအား အထောက်အကူပြုသည့် လူကုန်ကူး ခံရသူများအား ကာကွယ်ပေးခြင်း၊ တားဆီးနှိမ်နင်းခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်း စသည့် အချက်များ သည် စံသတ်မှတ်ချက်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်သည့် လူမှောင်ခိုမှု အပါအ၀င် လုပ်အားခေါင်းပုံဖြတ်မှုနှင့် လိင်အလွဲသုံးမှု နှစ်ခုအတွက် အရေးယူ ခံရသူများအား တရားစွဲရန်နှင့် အရေးယူ ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း သိရသည်။
''နိုင်ငံတကာ အလုပ်သမား အဖွဲ့၏ အစိုးရ ၀န်ထမ်းများ ပါဝင်ကျူးလွန်မှုနဲ့ အဓမ္မလုပ်အား ခေါင်းပုံဖြတ်ခြင်း ဆိုင်ရာ ပြစ်မှုတွေ အမြစ်ဖြတ် ချေမှုန်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်နဲ့ စစ်တပ်မှ ကျူးလွန်တဲ့ ကလေးစစ်သား စုဆောင်းခြင်းနဲ့ အခြားပြစ်မှုများအား မှုခင်းဆိုင်ရာ တရားစွဲခြင်း အပါအ၀င် စုံစမ်းစစ်ဆေးရန်တို့ ဖြစ်ပါတယ်'' ဟု ဆက်လက် ပြောကြားခဲ့သည်။
ယင်းစာချုပ်အရ တပ်မှထွက်ပြေးရန်နှင့် တပ်ပြေးမှု ကျူးလွန်ခြင်းအတွက် ကလေးသူငယ် တစ်ဦး တစ်ယောက်ကိုမျှ ဖမ်းဆီးခြင်း(သို့) ထောင်ချအပြစ်ပေးခြင်း မပြုရေး အတည်ပြုရန်၊ အလုပ်သမားရေးရာ သံတမန်များ ခန့်ထားပြီး ပြည်ပတွင် အဓမ္မ လုပ်အားခိုင်းစေခံရသူ မြန်မာနိုင်ငံသားများကို ကာကွယ်ပေး ရန်၊ နိုင်ငံတကာ သံတမန်ရေးရာ အဖွဲ့များတွင် တာဝန်ပေးနိုင်ရေး စဉ်းစားဆောင်ရွက်ရန်၊ စီးပွားရေးဆိုင်ရာ လိင်ခေါင်းပုံဖြတ်မှုအတွက် ပြည်တွင်းရှိ အမျိုးသမီးများနှင့် လူငယ်များ လူကုန်ကူးခံရမှုအပေါ် ပိုမို အလေးပေး ဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

From...EMG

No comments:

Post a Comment