Tuesday, April 22, 2014

အပူဒဏ်ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငါးကန်အချို့တွင် ငါးများသေဆုံး


ယခုနှစ် နွေရာသီတွင် အပူရှိန် ပြင်းထန်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငါးကန်အချို့တွင် ငါးများ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါဒေသခံ ငါးမွေးမြူရေး လုပ်ငန်းရှင် များက ပြောကြားသည်။

လတ်တလော တွံတေးဒေသတွင် ဧက လေးဆယ်ခန့် ကျယ်ဝန်းသော ငါးကန်တစ်ကန်၌ တစ်ရက်လျှင် ငါးကောင်ရေ ၁၅၀ ဝန်းကျင်ခန့် သေဆုံးလျက် ရှိသည်ဟု ယင်းဒေသခံ ငါးမွေးမြူရေး လုပ်ငန်းရှင် များက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ ငါးကန် အများဆုံးတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်တို့ရှိ ငါးကန်များတွင် အပူချိန် ပြင်းထန်၍
ငါးသေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းမြိုင်က အတည်ပြု ပြောကြားသည်။
“အခုအချိန်မှာ ငါးကန်တွေ သန့်ရှင်းအောင်နဲ့ ကပ်ပါးပိုးတွေ ရှိရင်လည်း သေအောင် ထုံးပတ်နေရတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ရှင်းပြသည်။

ငါးသေဆုံးမှုများသည် ရောဂါပိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အပူချိန် များလွန်းသောကြောင့် သေ ဆုံးခြင်း ဖြစ်သည်ဟု တွံတေးမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းကျော်က ရှင်းပြသည်။

အပူဒဏ်ကြောင့် ငါးကန်အတွင်းရှိ ရေများ ခမ်းခြောက်လျက် ရှိပြီး ၁၅ ရက်လျှင် တစ်ကြိမ် ငါးကန်အတွင်းသို့ ရေမောင်းထည့်ရခြင်းကြောင့် စက်သုံးဆီအတွက် ပိုမိုကုန်ကျလျက် ရှိကြောင်း၊ ယင်းသို့ အပူဒဏ်ကြောင့် ငါးသေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိခြင်းကြောင့် တစ်ရက်လျှင် ကျပ်သုံးသိန်းမှ လေးသိန်း ဝန်းကျင်အထိ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငါးမွေးမြူရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောကြားသည်။

“အပူချိန် ပြင်းလာတော့ ရေထဲမှာ အောက်ဆီဂျင် နည်းလာတယ်။ ဒါကြောင့် ငါးတွေ မသေအောင် ကန်ထဲကို ရေမောင်းတင်နေရတယ်” ဟု ဦးဝင်းကျော်က ဆိုသည်။

လာမည့် ဧပြီလ ၂၂ ရက်နေ့တွင် တွံတေးမြို့နယ်သို့ ငါးလုပ်ငန်းဦးစီးဌာနရှိ ပညာရှင်များ လာရောက်၍ ငါးရောဂါ ရှာဖွေရေး လုပ်ငန်းများကို လုပ်ဆောင်ကြမည် ဖြစ်ကြောင်း တွံ့တေးမြို့နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment