Tuesday, December 30, 2014

တေးနုယဉ်၏ နောက်ဆုံးခရီးခန္ဓာကိုယ်အနှံ့ဒဏ်ရာဒဏ်ချက် များကို နာရေးပို့သူများမြင်တွေ့ခဲ့ရ


 ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်အတွင်း အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တာဝန်ကျဝန်ထမ်းတစ်ဦးက သနပ်ခါးများ ထူပိန်းစွာလိမ်းပေးနေသည်။ သနပ်ခါးများ  ထူပိန်းနေသည့်ကြားကပင်  ညိုမည်းနေသော ဒဏ်ရာ ဒဏ်ချက်များကို မြင်တွေ့နေရဆဲဖြစ်သည်။

မျက်နှာပြင်တစ်ခုတည်းမ က လက်၊ လည်ပင်း၊ ရင်ဘတ်နှင့်  ကျောဘက်များ တွင်လည်း အညို အမည်း ဒဏ်ရာများစွာကို အထင်း သားမြင်တွေ့နေရသည်။



ထိုအမျိုးသမီးမှာ လွန်ခဲ့သည့်လေးရက်ခန့်က သရုပ်ဆောင်မင်းအုပ်စိုး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် သရပါမဂ္ဂဇင်းအယ်ဒီတာမတေးနုယဉ်(ခ) နုနုယဉ်ဖြစ်သည်။ ဒီဇင်ဘာ ၂၉ ရက်က မနုနုယဉ်၏ နာရေးကို  မိသားစုဝင် များက ရေဝေးသုသာန်၌ပြုလုပ်ခဲ့သည်။

‘‘မှုခင်းဆရာဝန်တွေရဲ့ပြော စကားအရ ရင်ဘတ်ကအရိုးတွေ အကုန် ကျိုးနေတယ်။ အသည်း တွေ၊ နှလုံးတွေအကုန်ပွင့်ထွက် သွားတယ်။ အဆုတ်မှာ ညိုမည်း နေတယ်။ ခေါင်းရဲ့ဘယ်ဘက် တစ်ခြမ်းလုံးက ညိုမည်းနေတယ်။ ညာဘက်မျက်လုံးက ချိုင့်နေ တယ်။ အဲဒါတွေကတော့မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ရတာ။ လက်သီး နဲ့ထိုးရုံနဲ့တော့ ဒီလိုကျိုးကြေသွား တာမဖြစ်နိုင်ဘူး’’ဟု မနုနုယဉ်၏ ဦးလေးဦးအောင်ကျော်ထွားက ပြောသည်။

မနုနုယဉ်၏  နာရေးသို့လာ ရောက်ပြီး အလောင်းကိုမျက်မြင် တွေ့ခဲ့သူများကလည်း ယင်းဒဏ် ရာများမှာ သာမန်ထိုးကြိတ်ဒဏ် ရာများမဟုတ်နိုင်ကြောင်းအသီး သီးမှတ်ချက်ပြုနေကြသည်။


မနုနုယဉ်၏ နာရေးအတွက် မင်းအုပ်စိုး၏ မိသားစုဘက်မှ တာဝန်ယူမည်ဟု ပြောခဲ့သော် လည်း သေဆုံးသူမိသားစုဘက်က လက်မခံခဲ့ဘဲ မိသားစုဝင် များက သာ တာဝန်ယူကျင်းပခဲ့ကြောင်း ဦးအောင်ကျော်ထွားက ပြော သည်။

‘‘မင်းအုပ်စိုးရဲ့ မိသားစု ဘက်ကနေ ပြီးခဲ့တဲ့သုံးရက် လောက်က အသုဘကိစ္စကို လုပ် ပေးမယ်လို့ပြောပေမယ့် လက်မခံ ခဲ့ပါဘူး။ မိသားစုဝင်တွေကိုယ် တိုင်လုပ်နိုင်တယ်ဆိုတာကို လည်းသိစေချင်လို့ပါ။ ကိုယ့်ဇာ တိမဟုတ်လို့ ခက်ခဲမှုတွေရှိပေ မယ့် နုနုရဲ့ သူငယ်ချင်းတွေက လည်း ကူညီကြပါတယ်’’ဟု ၎င်းကပြောသည်။

မနုနုယဉ်၏ မိခင်ဖြစ်သူမှာ ကျန်းမာရေးအခြေအနေကြောင့်  သမီးဖြစ်သူ၏ နာရေးကိုလိုက်ပါ ပို့ဆောင်နိုင်ခြင်းမရှိသော်လည်း မိသားစုဝင်များနှင့် ရင်းနှီးသူသုံး ဆယ်ခန့်လိုက်ပါပို့ဆောင်ခဲ့ကြ သည်။

‘‘အဒေါ်က ကျန်းမာရေးမ ကောင်းတော့ ခေါ်လာရင် အဒေါ့် ကိုပါဆုံးရှုံးရမှာစိုးလို့ ခေါ်မလာ တာပါ’’ဟု မနုနုယဉ်၏ မိသားစု ၀င်တစ်ဦးက ပြောသည်။ အမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ပြီး အမှန်အတိုင်းဖြစ် စေရန်လည်း မိ သားစုဘက်က တောင်းဆိုထား သည်။

‘‘အစ်မက သူ့သမီးလည်းမရှိ တော့ဘူး။ ကျန်းမာရေးလည်း မ ကောင်းဘူးဆိုတော့ နယ်ကို ပြန် ခေါ်သွားတော့မယ်။ အမှုအတွက်  အတတ်နိုင်ဆုံးအမှန်အတိုင်းဖြစ် အောင်လုပ်သွားမယ်’’ဟု ဦးအောင်ကျော်ထွားက ပြောသည်။

ရေဝေးသုသာန်တွင် မနုနုယဉ်၏ ရုပ်အလောင်းကို လာ ရောက်ကြည့်ရှုသူများပြားခဲ့ပြီး အ များစုက သေဆုံးသူကို သရုပ်  ဆောင်မင်းအုပ်စိုး၏ ညီမ၀မ်းကွဲ ထင်မှတ်သူများလည်းရှိခဲ့သည်။

ဒီဇင်ဘာ ၂၆ရက်တွင် သက် ဆိုင်ရာက မင်းအုပ်စိုးနှင့် မနုနုယဉ်တို့မှာသွေးသားမတော်စပ်ကြောင်း အတည်ပြုပေးခဲ့ပြီး မိသားစုဝင်များကလည်း ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သေဆုံးသူနှင့်မင်း အုပ်စိုးသွေးသားတော်စပ်မှုမရှိ ကြောင်း ရှင်းလင်းခဲ့သည်။

သေဆုံးသူ၏ မိသားစုဝင် များကလည်း ထွက်ပေါ်နေသော သတင်းများမှာသေဆုံးသူ၏ ဂုဏ် သိက္ခာနှင့် မိသားစုအပေါ် အထင် အမြင်လွဲမှားမှုများဖြစ်စေနိုင်သ ဖြင့်အမှန်တရားပေါ်ပေါက်စေလို ကြောင်းပြောကြားထားသည်။

မနုနုယဉ်၏ နာရေးကို မင်း အုပ်စိုး၏ မိသားစုဘက်မှ လာ ရောက်ခဲ့ခြင်းမရှိသော်လည်း မင်း အုပ်စိုးရုံးထုတ်ရမန်ယူခဲ့စဉ် မင်း အုပ်စိုးကို ဗဟန်းမြို့နယ်တရားရုံး သို့ ပို့ပေးခဲ့သည့် လန့်ခရူဇာအဖြူ ရောင်ကားကိုတွေ့ရှိခဲ့ပြီး အမျိုး သမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး မီးသင်္ဂြိုဟ်ခါနီးညနေ ၃နာရီတွင် ရောက်ရှိလာသည်။

‘‘အစ်မက ကိုမင်းအုပ်စိုးရဲ့ မိသားစုဝင်တော့မဟုတ်ပါဘူး။ သူတို့နှစ်ယောက်စလုံးနဲ့ ရင်းနှီးတဲ့ သူပါ။ ဒီကိစ္စကို မျက်မြင်တွေ့တဲ့ သူတစ်ယောက်မဟုတ်တော့ ဘာ မှတော့မပြောချင်ပါဘူး။ ခုလည်း ယောနုကို အရမ်းခင်လို့လာခဲ့တာ ပါ။ ဒီနေ့သင်္ဂြိုဟ်မှာကို ကိုမင်း အုပ်စိုးဘက်က မိသားစုတွေမသိ လောက်ဘူး။ အစ်မတောင်စုံစမ်း ပြီးသိလို့လာခဲ့တာ’’ဟု ကားနှင့် လိုက်ပါလာသည့်အမျိုးသမီးက ပြောသည်။

‘‘အရင်ရုပ်ကိုတောင် ဖမ်းလို့ မရတော့ဘူး’’ဟု အညိုအမည်းဒဏ်ရာများမပေါ်စေရန် သနပ်ခါး လိမ်းပေး ထားသည့် မနုနုယဉ်၏ မျက်နှာကိုကြည့်၍ နာရေးသို့ လိုက်ပါပို့ဆောင်ခဲ့သည့် အမျိုးသမီး တစ်ဦးက ပြောသည်။

‘‘စခန်းမှူးကြီးကတော့ အမှု ကို အမှန်ကန်ဆုံးဖြစ်အောင် ကူညီပေးမယ်လို့ပြောသွားပါ တယ်။ အမှုနဲ့ပတ်သက်ပြီး တခြား အကြောင်းအရာတော့မပြော သွားဘူး။ သူတို့ဘက်က လာပြီး အကြောင်းကြားတဲ့ကိစ္စတွေကို တော့ ကျွန်တော့်အစ်မ(မနုနုယဉ် ၏ မိခင်)ကိုမေးသွားတယ်’’ဟု ဦးအောင်ကျော်ထွားကပြောသည်။

မနုနုယဉ်သည် ဒီဇင်ဘာ ၂၅ရက် နံနက် ၂နာရီခွဲက ဗဟန်းမြို့နယ်ဖိုးစိန်လမ်းရှိ သရုပ်ဆောင် မင်းအုပ်စိုး၏နေအိမ်၌အသတ်ခံရ၍သေဆုံးသွားပြီး မင်းအုပ်စိုးကို လူသတ်မှုပုဒ်မ ၃၀၂ဖြင့် ဗဟန်း မြို့မရဲစခန်းတွင်အမှုဖွင့်အရေး ယူထားသည်။

မင်းအုပ်စိုးကို ဒီဇင်ဘာ ၂၆ ရက်တွင် ဗဟန်းမြို့နယ်တရားရုံး ၌ ရုံးထုတ်ရမန်ယူခဲ့ပြီး ၂၀၁၅ ဇန်န၀ါရီ ၈ရက်တွင် ရဲစစ်ချက်များ ပြီးပါက ထိုနေ့မှာပင် ရုံးထုတ်၍ တရားစွဲဆိုသွားမည်ဖြစ်သည်။

7 Day Daily

No comments:

Post a Comment