Friday, February 14, 2014

အရေးပေါ် နှလုံးခုန်စက်များကို မြို့နယ်ဆေးရုံကြီး အရေးပေါ် ဌာနများတွင် ထားရှိနိုင်ရန် စီစဉ်လျက်ရှိ

Photo: အရေးပေါ် နှလုံးခုန်စက်များကို မြို့နယ်ဆေးရုံကြီး အရေးပေါ် ဌာနများတွင် ထားရှိနိုင်ရန် စီစဉ်လျက်ရှိ
Friday, February 14, 2014

ရုတ်တရက် ဖြစ်ပွားတတ်သော အသက်ရှူရပ်ခြင်း၊ နှလုံးခုန် မမှန်ခြင်းများကြောင့် သေဆုံးမှုများကို လျှော့ချနိုင်ရန် အတွက် အရေးပေါ် Emergency Case တွင် အသုံးပြုနိုင်ရန် အရေးပေါ် နှလုံးခုန်စက (AED)စက် များကို မြို့နယ်ဆေးရုံကြီးရှိ အရေးပေါ် ဌာနများတွင် ထားရှိနိုင်စေရန် စီစဉ်ပေး သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာ ဒေါ်လှမြသွေးဣန္ဒာက ပြောကြားခဲ့သည်။

'' AED စက်ကို ဆီးဂိမ်းကာလက စပြီး အသုံးပြုခဲ့တာပါ ။ နောက်ပိုင်း လူနေထူထပ်တဲ့ နေရာတွေမှာ အလွယ်တကူ အသုံးချနိုင်တဲ့အထိ တပ်ဆင်သွားမှာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

AED စက်သည် အရေးပေါ် နှလုံးခုန်လာစေရန် ရှော့ခ်ရိုက်ခြင်းများကို စက်မှ အလိုအလျောက် ပြုလုပ်ပေးကာ နှလုံးခုန် ပြန်မှန်လာစေသည်။ စက်တန်ဖိုးမှာ ငွေကျပ်ကိုး သိန်း ဝန်းကျင်မှ ငွေကျပ် ၄၈ သိန်း ဝန်ကျင် အထိရှိကာ သုံးနှစ် တစ်ခါ Battery လဲ လှယ်ပေးရကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ် ထိခိုက် ဒဏ်ရာရရှိမှုမှာ ပျမ်းမျှ တစ်ရက်လျှင် လူနာ ၅ဝ မှ ၇ဝ ကြားရှိပြီး အရေးပေါ် ပြုစုကုသနည်းများကို သိရှိထားပါက အသက်ဆုံး ရှုံးနိုင်ခြေ နည်းပါးသွားနိုင်ကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ တာဝန်ကျ ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ
ရုတ်တရက် ဖြစ်ပွားတတ်သော အသက်ရှူရပ်ခြင်း၊ နှလုံးခုန် မမှန်ခြင်းများကြောင့် သေဆုံးမှုများကို လျှော့ချနိုင်ရန် အတွက် အရေးပေါ် Emergency Case တွင် အသုံးပြုနိုင်ရန် အရေးပေါ် နှလုံးခုန်စက (AED)စက် များကို မြို့နယ်ဆေးရုံကြီးရှိ အရေးပေါ် ဌာနများတွင် ထားရှိနိုင်စေရန် စီစဉ်ပေး သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာ ဒေါ်လှမြသွေးဣန္ဒာက ပြောကြားခဲ့သည်။

မြတ်ရတနာ ပုဂ္ဂလိက ကျောင်းသားများ အပန်းဖြေ ခရီးအပြန် ယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

မန္တလေး မြို့တော်ရှိ မြတ်ရတနာ ကိုယ်ပိုင် ပုဂ္ဂလိက အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဒီးဒုတ် ရေတံခွန်သို့ အပန်းဖြေခရီး သွားရောက်ပြီး အပြန် အေသုံးလုံး ဘိလပ်မြေ စက်ရုံအနီးတွင် ကျောင်းသားများ လိုက်ပါလာသည့် လိုက်ထရပ်ယာဉ်သည် အခြား ယာဉ်တစ်စီးကို ကျော်တက်ရာမှ အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကာ တက္ကသိုလ်ဝင်တန်း ကျောင်းသား တစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ မြတ်ရတနာ ကိုယ်ပိုင် အထက် တန်းကျောင်း ဆရာတစ်ဦးက ပြောကြားသည်။

တိုင်းရင်းသားများနှင့် ညှိနှိုင်းပြီးမှ သန်းခေါင်စာရင်း ကောက်ယူရန် ICG တိုက်တွန်း

Photo: တိုင်းရင်းသားများနှင့် ညှိနှိုင်းပြီးမှ သန်းခေါင်စာရင်း ကောက်ယူရန် ICG တိုက်တွန်း
Friday, February 14, 2014

လူမျိုး သတ်မှတ်ချက်များနှင့် အငြင်းပွားမှုများ ဖြစ်နေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်း အဖြေရှာပြီးမှ သန်းခေါင်စာရင်း ကောက်ယူ သင့်ကြောင်း နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့အစည်း (ICG) က တိုက်တွန်းသည့် အစီရင်ခံစာ တစ်စောင်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

၁၉၈၀ ပြည့်နှစ်က တရားဝင် သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကိုသာ အခြေခံပြီး သန်းခေါင်စာရင်း ကောက်ယူမည် ဆိုပါက အပြစ်အနာအဆာများ ရှိနေမည် ဖြစ်ကြောင်း၊ ၁၃၅ မျိုး အတိုင်းသာ ကောက်ယူပါက တစ်ပေါင်းတည်းရှိသည့် မျိုးနွယ်စုများကို ခွဲခြားလိုက်သည့် ပုံစံဖြစ်ပြီး သီးခြားစီ ရှိနေသည့် အချို့မျိုးနွယ်စုများကို တစ်စုတည်း ပေါင်းလိုက်သည့် ပုံစံဖြစ်သွားသဖြင့် ရှုပ်ထွေး သွားနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထူးသဖြင့် တိုင်းရင်းသားလူမျိုး သတ်မှတ်မှု၊ ဘာသာ၊ နိုင်ငံသားဖြစ်ခွင့် ဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ အချို့တိုင်းရင်းသား လူမျိုးစုများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသောကြောင့် ယင်းအချက်အလက် များကို ပိုမိုတိကျစွာ ထည့်သွင်း ကောက်ယူနိုင်ရန် မြန်မာအစိုးရ အနေနှင့် ပြင်ဆင် ပေးသင့်ကြောင်း အဆိုပါ အစီရင်ခံစာတွင် အကြံပြုထားသည်။

မြန်မာအစိုးရ ထုတ်ပြန်ထားသော သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ အချက်အလက် အချို့သည် တိုင်းရင်းသား လူမျိုးစုများအကြား တင်းမာမှုများ ပြင်းထန်လာစေပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အသွင်ကူးပြောင်းရေးတွင် အလွန်ထိခိုက် စေနိုင်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

မျိုးနွယ်စု အမည်များ မှားယွင်းခြင်း၊ မျိုးနွယ်စု မဟုတ်ဘဲ မျိုးနွယ်စုအဖြစ် ရေးသားခြင်း၊ မျိုးနွယ်စု တစ်ခုတည်းကို ဒေသန္တရ အခေါ်များဖြင့် နှစ်ကြိမ်၊ သုံးကြိမ် ဖော်ပြခြင်း၊ မျိုးနွယ်စု နှစ်ခုကို တစ်ခုတည်းအဖြစ် ရေးသားခြင်းတို့ကြောင် မလိုလားသည့် ပြဿနာများ မဖြစ်ပွားရန် အစိုးရနှင့် တွေ့ဆုံညှိနှိုင်းခွင့် တောင်းဆိုထားကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်က ပြောကြားသည်။

လူမျိုးစာရင်း မှားယွင်းမှု၊ လူမျိုးအမည် သတ်ပုံမှားယွင်းမှု၊ လူမျိုးစာရင်း ဖောင်းဖွနေမှုများကို သန်းခေါင်စာရင်း ကောက်ယူပြီးမှ ဖြေရှင်းရမည့်ကိစ္စ ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူပြီးပါက တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ အပြောင်းအလဲ ရှိနိုင်ပြီး လူမျိုးအမည် သတ်ပုံမှားယွင်းမှု၊ တိုင်းရင်းသားစာရင်း အတိုးအလျော့ ရှိလာနိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ တိုင်းရင်းသားများနှင့် တွေ့ဆုံ ညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းကပြောဆိုထားသည်။

နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း တစ်ကျော့ပြန်လာသည့် လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူသွားမည် ဖြစ်သည်။

The Voice Weekly
လူမျိုး သတ်မှတ်ချက်များနှင့် အငြင်းပွားမှုများ ဖြစ်နေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်း အဖြေရှာပြီးမှ သန်းခေါင်စာရင်း ကောက်ယူ သင့်ကြောင်း နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့အစည်း (ICG) က တိုက်တွန်းသည့် အစီရင်ခံစာ တစ်စောင်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

“အစိုးရက လွယ်လွယ်လေးကို ခက်အောင် လုပ်လိုက်တာပဲ”

Photo: “အစိုးရက လွယ်လွယ်လေးကို ခက်အောင် လုပ်လိုက်တာပဲ”
Friday, February 14, 2014

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) က ရှမ်းပြည်နယ် တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ပြီး ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တန်းတူညီမျှမှု ရရှိရေး အတွက် စစ်အစိုးရကို လက်နက်ဆွဲကိုင် တော်လှန်ခဲ့တဲ့ တိုင်းရင်းသား တပ်မတော် တဖွဲ့ ဖြစ်ပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်လည်း ရရှိထားပါတယ်။

SSA-S ဟာ မြန်မာနိုင်ငံ အတွင်း စစ်အစိုးရကို တော်လှန်ခုခံနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲက အင်အားကြီး တပ် ဖွဲ့ တဖွဲ့လည်း ဖြစ်ပါတယ်။

SSA-S ခေါင်းဆောင် အဖြစ် လူသိများတဲ့ ဦးယွက်စစ်က SSA-S တပ်ပိုင်းဆိုင်ရာမှာ ဒု ဗိုလ်ချုပ်ကြီး ဖြစ်ပြီး နိုင်ငံရေး ဆိုင်ရာ အဖွဲ့ဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှာတော့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်မှာ ကျရောက်တဲ့ ရှမ်းပြည်နယ် အမျိုးသားနေ့ကို RCSS/SSA ရဲ့ ဌာနချုပ် ဖြစ်တဲ့ လွယ်တိုင်းလျန်း တောင် ကုန်းပေါ်မှာ ကျင်းပခဲ့ပြီး အဲဒီနေ့မှာပဲ RCSS/SSA ရဲ့ စစ်ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဒုက္ခသည်တွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းဆောင် ဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ကျော်ခ က သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ မကြာသေးခင်က လော်ခီးလာမှာ ကျင်းပသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံမှာ RCSS/SSA က လက်မှတ် မထိုးတာမှာ တခြား အဖွဲ့တွေနဲ့ ဘာများ ကွဲပြားနေတာ ရှိလို့လဲ။

ဖြေ။ ။ လက်မှတ် မထိုးရတဲ့ အကြောင်းရင်း ကတော့ ကျနော်တို့ရဲ့ ပေါ်လစီ အရ ပြည်နယ်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ချင်း လာပြီးတော့ စည်းရုံး စေချင်တယ်။ ရှမ်းပြည်က သွားတဲ့ အဖွဲ့တွေကြတော့ တဖွဲ့ချင်း မဟုတ်ဘဲနဲ့ အဖွဲ့ငယ်လေးတွေပေါ့နော်။ လူမျိုးစုလေးတွေနဲ့ပဲ သွားရတယ်၊ ရှမ်းပြည်နယ် တပြည်နယ်လုံးကို ကိုယ်စားပြုတဲ့ တဖွဲ့တည်းရဲ့ အနေနဲ့ မဟုတ်လို့ လက်မှတ် မထိုးဘူး။

မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ RCSS/SSA အနေနဲ့ ဘာဆက်လုပ်ဖို့ အစီအစဉ်တွေ ရှိလဲ။

ဖြေ။ ။ RCSS အနေနဲ့ ကတော့ အချက် ၂ ချက် ရှိတယ်၊ အပစ်အခတ် ရပ်စဲရေး စစ်ရေး ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဆုံးဖြတ် ချက် ချလို့ ရတယ်။ နိုင်ငံရေး ကိစ္စနဲ့ ပတ်သက်လာလို့ရှိရင် ရှမ်းပြည် ပြည်သူတွေရဲ့ ဆန္ဒ သဘောထားကို ယူရမှာ ဖြစ်တယ်။

မေး။ ။ လာမယ့် ဘားအံ ဆွေးနွေးပွဲမှာရော RCSS/SSA ကို ဘယ်လို မျှော်လင့်လို့ ရနိုင်မလဲ။

ဖြေ။ ။ လာမယ့် ဘားအံ ဆွေးနွေးပွဲကလည်း လော်ခီးလာလို ဆက်ပြော ဆွေးနွေးနေမယ် ဆိုလို့ရှိရင် သိပ်ပြီးတော့ အကြောင်း ထူးမှာ မဟုတ်ဘူး၊ အမှန်ကတော့ ဒီအပစ်အခတ် ရပ်စဲရေးဆိုတာ လုပ်ရင် လွယ်လွယ်လေးပါ။ အစိုးရက လွယ်လွယ်လေးကို ခက်အောင် လုပ်လိုက်တာပဲ။ စောင့်ကြည့် ရဦးမယ်။ သူတို့ ဆွေးနွေးမယ့် အချက်အလက်တွေ သိပြီးမှ ဆုံးဖြတ်လို့ရမယ်။

မေး။ ။ အစိုးရဘက်က ပြောတဲ့ အထဲမှာ တိုင်းရင်းသားတွေ အနေနဲ့ အခွန် မကောက်ရဘူး၊ လူသစ် စုဆောင်းတာ မလုပ်ရဘူး၊ လက်နက်၊ လူအင်အား စာရင်း ပေးရမယ်၊ ပြည်သူ့စစ် တပ်ဖွဲ့တွေကို မတိုက်ခိုက်ရဘူးဆိုတဲ့ အချက်တွေဟာ SSA အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် အခက်အခဲတွေ ဖြစ်လာနိုင်မလား။

ဖြေ။ ။ မြန်မာအစိုးရနဲ့ ဆွေးနွေးတုန်းက ဒါတွေ မပါဘူး။ သဘောတူညီချက်တွေလည်း မရှိခဲ့ဘူး။ ဒါတွေဟာ နောက်ပိုင်းမှ ပေါ်လာတဲ့ ဟာတွေ။ ဒါတွေက သဘောတူထားခြင်း မရှိဘဲနဲ့ သူတို့ဟာ သူတို့ ပြောလာတဲ့ အတွက်ကြောင့် ရှေ့လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဘယ်လို လုပ်သွားကြမလဲ၊ အခက်အခဲတွေ ရှိတယ်။ လူသစ် မကောက်ရတာတို့၊ ပြည်သူ့စစ်တွေ မထိခိုက်ရတာ တို့ ဆိုတာတွေဟာ နောင်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ထည့်ပြီး ဆွေးနွေးရန် အတွက် ဖြစ်တယ်။ အခု အချိန်ကတော့ အပစ်အခတ် ရပ်စဲရေး ဖြစ်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒါတွေ လာပြောရင်တော့ မရဘူး။

မေး။ ။ အစိုးရနဲ့ လုပ်နေကြတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မြန်မာ့ တပ်မတော်ရဲ့အခန်းကဏ္ဍက ဘယ်လောက် အရေးပါတယ်လို့ မြင်လဲ။

ဖြေ။ ။ အဆင့် နှစ်ဆင့် ရှိတယ်။ အခုကတော့ ပထမ အဆင့်အနေနဲ့ ဦးသိန်းစိန် အစိုးရနဲ့ပဲ ဆွေးနွေး နေကြသေးတယ်။ နောက် ပြီးတော့ အစိုးရ စစ်တပ်နဲ့ RCSS နဲ့ ပြဿနာ ဖြစ်နေတာတွေဟာလည်းပဲ ဦးသိန်းစိန် အစိုးရရဲ့ အပေါ်မှာ တာဝန် ရှိတယ်။ စစ်တပ် ဟာ အမှန်အားဖြင့် အစိုးရရဲ့လက်အောက်မှာ ရှိရမယ်။ အခု ဖြစ်နေတဲ့ ပုံစံကတော့ ဦးသိန်းစိန် အစိုးရက ပြောပေမယ့်လည်း စစ် တပ် က နားမထောင်ဘူး။ အဲဒါက ဘာကြောင့် ဖြစ်နေတယ် ဆိုတာလည်း နားမလည်ဘူး။ ကျနော်တို့က စိုးရိမ်တယ်။ ဥပမာအားဖြင့် တခု ပြောရမယ် ဆိုရင် ဦးသိန်းစိန် ဆီကို RCSS ကနေပြီးတော့ မဲခေါင် မြစ်ကမ်းမှာ ဧက ၅၀၀၀ မြေနေရာ တောင်း ထားတာ ရှိတယ်။ ဦးသိန်းစိန်ကလည်း ပေးတယ်။ ပေးပြီးတော့ တြိဂံတိုင်းမှူးကို ပေးကြောင်း လက်မှတ် ထိုးဖို့ပြောတဲ့ အခါကြ တော့ အခုအချိန် အထိ တြိဂံတိုင်းမှူးက လက်မှတ်ထိုး မပေးဘူး။ မပေးရခြင်း အကြောင်းပြချက်ကတော့ တောင်းထားတဲ့ ဒီနယ်မြေ တွေဟာ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ ပုဂ္ဂိုလ်တွေနေတဲ့ နေရာ ဖြစ်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေကလည်း အဲဒီ့ နယ်မြေမှာ လှုပ်ရှား နေ တုန်းပဲ ရှိတယ်။ အဲဒါကိုပဲ အကြောင်းပြချက် လုပ်ပြီးတော့ မပေးဘဲ နေတယ်။ ဒါဟာ အဓိပ္ပာယ် မရှိဘူး။ အကယ်၍ အဲဒီ နေရာဟာ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ လူတွေ ရှိနေတယ် ဆိုလို့ရှိရင် အဲဒီလူတွေ အတွက် လမ်းပိတ်လိုက်တဲ့ သဘောတောင် ဖြစ်ပြီး သွားလာ ရတာတောင် ခက်ခဲဦးမယ်။

မေး။ ။ ဒါဆိုရင် အစိုးရနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေဟာ ရင်လေးစရာတွေ ဖြစ်နေပြီလား။

ဖြေ။ ။ အဲဒါကတော့ အစိုးရပေါ်မှာ မူတည်တယ်။ နိုင်ငံရေး လမ်းစဉ်တွေဟာ ရှောရှောရှူရှူနဲ့ ရှေ့ရောက်အောင် သွားနိုင်မလား၊ မသွားနိုင်ဘူးလား ဆိုတာ အစိုးရ လုပ်ရပ် အပေါ်မှာပဲ မူတည်တယ်။

မေး။ ။ လာမယ့် RCSS လူကြီး ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌက ပါဝင်ပြီး အရွေးချယ် မခံတော့ဘူးလို့ ပြောထားတာ ရှိတယ်။ တဖက် မှာလည်း ဥက္ကဋ္ဌကြီးကို ထောက်ခံနေကြတဲ့ လူတွေ ရှိနေတယ် ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်မလဲ။

ဖြေ။ ။ ဒီအဖွဲ့အစည်းထဲမှာ ဒီမိုကရေစီ လမ်းစဉ် အတိုင်းပဲ ကျင့်သုံး ပါတယ်။ ၄ နှစ် တကြိမ် ရွေးကောက်ရမယ့် ထုံးတမ်းတွေ ရှိခဲ့တယ်။ ဒီနှစ်ကြတော့ သူတို့အရာရှိတွေ အချင်းချင်းထဲက ပြန်ရွေး ကြဖို့၊ လူသစ် ပါဝင်လာနိုင်အောင် ဆိုပြီးတော့ လမ်းဖွင့်ပေး ထား တယ်။ တကယ်လို့ ရွေးလို့ မရဘူး၊ ရှိကို မရှိဘူး ဆိုပြီး တာဝန် ပြန်အပ် လာလို့ ရှိရင်တော့ မတတ်နိုင်ဘူး၊ လက်ခံရမှာပဲ။

မေး။ ။ အကယ်၍များ အရွေးချယ် မခံတော့ဘူး ဆိုရင် ဥက္ကဋ္ဌ လက်ထက်မှာ လုပ်ကိုင်ထားတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေဟာ အခြေအနေ ပျက်ပြား သွားနိုင်လား။

ဖြေ။ ။ အဲဒါကလည်း ခန်းမှန်းလို့ အတိအကျ ပြောလို့တော့ မရဘူးပေါ့။ ဘာလို့လဲ ဆိုတော့ ဥက္ကဌ အသစ် တက်လာလို့ ရှိရင် ဆုံးဖြတ်ချက်က အဲဒီ ဥက္ကဋ္ဌ အသစ်ပေါ်မှာပဲ မူတည်တယ်။

မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ပွဲတွေမှာ RCSS ဘက်က စီးပွားရေး လုပ်ငန်း ကုမ္ပဏီ ထောင်ဖို့ ပြောထားတာ ရှိတယ်။ အဲဒါက ဘယ်အဆင့်အထိ အကောင်အထည် ဖော်ပြီးပြီလဲ။

ဖြေ။ ။ ရှမ်းတောင်တန်း ဆိုတဲ့ ကုမ္ပဏီတခု တည်ထောင် ပြီးပြီ၊ အဲဒါက ၀န်ကြီး ဦးအောင်မင်း အကူအညီကြောင့် ဖြစ်လာတဲ့ ကုမ္ပဏီပေါ့။ ဒါပေမယ့် လက်တွေ့ ပိုင်းကြတော့ အကောင်အထည်ဖော်လို့ မရဘူး ဖြစ်နေတယ်။ ဥပမာ ပြရမယ် ဆိုလို့ ရှိရင် မိုင်းကန် မှာ သတ္ထုတွင်း တူးဖို့ ခွင့်တောင်းတဲ့ အခါကြတော့လည်း အခုအချိန် အထိ စစ်တပ်က ခွင့် မပေးသေးဘူး။ နေပြည်တော် က ခွင့်ပေးပြီး သတ္ထုတွင်း ဝန်ကြီးဌာန ဆိုင်ရာက ပုဂ္ဂိုလ်တွေလည်းပဲ အဲဒီ နေရာကို လာပြီးကြည့်ဖို့၊ သတ်မှတ်ပေးဖို့ အဲဒီနယ်ကို ဝင်ဖို့ရန် အတွက် စစ်တပ်က ခွင့် မပေးဘူး။ အခုအချိန်အထိ ဘာမှ အကောင်အထည် ဖော်လို့ မရသေးဘူး။ ကုမ္ပဏီကတော့ သတ္ထုတွင်း တူးတာရယ်၊ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကုန်ကူးတာတို့ တခြား အမျိုးမျိုးပေါ့၊ ဖြစ်နိုင်တဲ့ ဟာကို လုပ်မယ်ပေါ့။ ဒါပေမယ့် အခု အခြေအနေ ကတော့ ဘာမှ လုပ်လို့ မရသေးဘူး။ စစ်တပ် ကတော့ ဘာအကြောင်း ပြချက်မှတော့ မရှိဘူး။ သူတို့ ဆိုလိုတာကတော့ လက်နက် မချရင် ပေးမလုပ်ဘူး။

မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူထားတဲ့ အချက်တွေထဲက ဘယ်နှစ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ပြီလဲ။

ဖြေ။ ။ ပထမ အချက်ကတော့ ဆက်ဆံရေး ရုံးတွေ ဖွင့်တာ။ ဒုတိယ အချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ဘောင် ချဖို့ရန် အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေတဲ့ အဆင့် ရှိပါတယ်။ အဲဒီ နှစ်ခုပဲ ရှိပါသေးတယ်။ အားလည်း သိပ်နည်းနေသလို အချိန် လည်း ကြန့်ကြာနေတယ်။

မေး။ ။ SSA ရဲ့ ရှေ့တန်း နယ်မြေတွေနဲ့ အစိုးရ စစ်တပ် ရှေ့တန်း နယ်မြေတွေဟာ ဆက်စပ် နေတယ်။ အဲဒီမှာရော စစ်မြေပြင် ဆက်ဆံရေးတွေက ကောင်းမွန်နေပြီလား၊ အပစ်အခတ် တည်ငြိမ်ပြီး နှစ်ဘက်တပ်တွေ နားလည်မှုရနေတဲ့ အခြေအနေကို ရောက် နေပြီလား။

ဖြေ။ ။ အပစ်အခတ် ရပ်စဲရေး ဆိုတာ အစိုးရနဲ့ RCSS တို့ တဘက်နဲ့ တဘက် ကျေကျေ လည်လည် နားမလည် ကြသေးဘူး။ အပတ်အခတ် ရပ်စဲပြီးလို့ လက်မှတ် ထိုးလိုက်တာနဲ့ တကယ်တမ်း ပစ်ခတ် နေတာတွေ အကုန်လုံး ရပ်စဲ ရမယ်။ မျက်နှာချင်းဆိုင် တွေ့နေလည်းပဲ တယောက်နဲ့ တယောက် မပစ်ရဘူး အဲလိုမျိုးပဲ ဖြစ်သင့်တယ်။ တချို့မြို့တွေမှာ ဆိုလို့ ရှိရင် ဆက်ဆံရေး ရုံးတွေ ဖွင့်ထားတာ ရှိတယ်။ တကယ်လို့သာ လှုပ်ရှားမှုတွေ ရှိနေမယ် ဆိုလို့ ရှိရင် အဲဒီ ဆက်ဆံရေး ရုံးတွေကို ပြောကြားမယ် ဆိုလို့ ရှိရင် ဘယ်လိုမှ ပြဿနာ ဖြစ်လာမှာ မဟုတ်ဘူး။ အပစ်ရပ် ဆွေးနွေးမှု သဘောတူ ခဲ့ကြတုန်းက RCSS/SSA ရဲ့တပ်တွေက ကျေးလက် တောရွာတွေမှာ ရှိတယ်။ မြို့ထဲမှာ ဆိုလို့ ရှိရင် အစိုးရ စစ်တပ်တွေ ရှိမယ်။ တကယ်လို့ တောရွာတွေကို စစ်ကြောင်း ထွက်မယ်တို့ ဘာတို့ ဆိုလို့ ရှိရင် ဆက်ဆံရေးရုံးကို အကြောင်းကြားပါ ဆိုပြီးတော့ သဘောတူ ထားကြတယ်။

မေး။ ။ SSA ရဲ့ ရှေ့တန်း စစ်မြေပြင်တွေမှာ ဆိုရင် UWSA “၀” တပ်ဖွဲ့တွေ၊ PNLO ပအို့ဝ် တပ်ဖွဲ့တွေနဲ့ SSPP/SSA ရှမ်းမြောက် တပ်ဖွဲ့တွေ ရှိနေတော့ သူတို့နဲ့ ဆက်ဆံရေး ကရော အခြေအနေ ဘယ်လို ရှိလဲ။

ဖြေ။ ။ ဒီအဖွဲ့တွေနဲ့ ကြတော့ အမြဲတမ်း ဆက်သွယ် နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအဖွဲ့တွေဟာ အမှန်ကတော့ ရှမ်းပြည်သားတွေပဲ ဖြစ်တယ်။ အဖွဲ့ မတူလို့ တခြားစီ ဖြစ်နေပေမယ့်လည်း ရှမ်းပြည်သား အချင်းချင်း ညီညွှတ်မှု ရအောင် ဆိုပြီးတော့ အမြဲတမ်းပဲ ဆွေးနွေး ပြောဆို ကြပါတယ်။

မေး။ ။ UWSA ခေါင်းဆောင်ပိုင်းတွေနဲ့ RCSS/SSA ခေါင်းဆောင်ပိုင်းတွေ ကြားမှာရော ဆက်ဆံရေးတွေ ကောင်းကြလား။

ဖြေ။ ။ အချင်းချင်းတော့ တွေ့ဆုံ ပြောဆိုခြင်း မရှိသေးဘူး။ ဒါပေမယ့် အောက်ဆင့်က အဆက်အသွယ် တွေတော့ ရှိပြီ။

မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဘက်မှာ ဆိုရင် RCSS က မူဘောင်တွေ သေသေသပ်သပ် ချထားတာတွေ ဖတ်ရှု ရ တယ်။ ၂၀၁၂ အောက်တိုဘာ လပိုင်းက ဆိုလို့ ရှိရင်လည်း RCSS ၊ UNODC နဲ့ အစိုးရတို့ သုံးပွင့်ဆိုင် သဘောတူထားတဲ့ အချက် ၉ ချက် ရှိခဲ့တယ်။ အဲဒီ အချက်တွေထဲက ဘယ်နှစ်ချက်ကို အကောင်အထည်ဖော် လုပ်ဆောင် နိုင်ပြီလဲ။

ဖြေ။ ။ ကျနော်တို့က စေတနာမှန်နဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းချင်လို့ လက်ကမ်းတဲ့ အတွက်ကြောင့် သူတို့ (UNODC) လည်း လာပြီးတော့ လုပ်တယ်။ သဘော တူညီချက်တွေ ရတယ်။ ဒါပေမယ့် အစိုးရ စစ်တပ်က ခုချိန်ထိ ဘာမှ လာပြီးတော့ လက်တွဲ လုပ်ချင်း မရှိသေးဘူး။ ဒီတော့ အဲဒီ ၉ ချက်ထဲမှာ တချက်မှ အကောင်အထည်ဖော်လို့ မရသေးဘူး။ RCSS က မူးယစ်ဆေးဝါး ပပျောက်ရေး ၆ နှစ် ပေါ်လစီ ချထားတာဟာ၊ အစိုးရနဲ့ UNODC လာရောက် ပူးပေါင်း ဆောင်ရွက်လို့ ရှိရင်တော့ ဒီ ၆ နှစ် အတွင်းမှာ အောင်မြင် နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ချထားခြင်း ဖြစ်တယ်။ အဲဒီဘက်က လာရောက် မပူးပေါင်းဘူး ဆိုလို့ရှိရင် အကောင်အထည်ဖော်ဖို့ ပြီးစီးနိုင်မှာ မဟုတ်ဘူး။

မေး။ ။ လွယ်တိုင်းလျန်းမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ် အရေးအတွက်ရော ဘာတွေ စီမံထားလဲ။

ဖြေ။ ။ ဒီဒုက္ခသည် ပြဿနာက လွယ်တိုင်းလျန်းမှာမှ မဟုတ်ဘူး။ တခြား နေရာတွေမှာလည်း ဒုက္ခသည်တွေ အများကြီး ရှိတယ်။ စစ်ဖြစ်တဲ့ အတွက်ကြောင့် အများကြီး ဒုက္ခရောက် ကြတယ်။ သူတို့ရဲ့ ဒုက္ခတွေကို ကယ်ဆယ်ချင်လို့ ငြိမ်းချမ်းရေးဖြစ် အောင် ကြိုးစားနေတာ။ ငြိမ်းချမ်းရေး ရပြီ နိုင်ငံရေး ပြဿနာ ပြေလည်ပြီ ဆိုလို့ရှိရင် သူတို့လည်း သူတို့အိမ် ပြန်ရုံပဲ။

မေး။ ။ သက်တမ်း တဝက်ကျော် ကြာလာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အပေါ်မှာရော ဥက္ကဋ္ဌကြီး အနေနဲ့ ဘယ်လို သုံးသပ်လဲ။

ဖြေ။ ။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ ပြောင်းလဲမှုတွေ အများကြီး ရှိတယ်လို့ ယူဆရမှာပေါ့။ ပထမ အချက် အနေနဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆိုရင် အတော် အောင်မြင်မှု ရလာတယ်၊ ဒုတိယ အချက်ကတော့ နိုင်ငံတကာက မကောင်းမြင် ထားတဲ့ဟာတွေ၊ အထင်မှားထားတဲ့ ဟာတွေလည်းပဲ အတော်လေး ဖျောက်ဖျက် ပစ်နိုင်တယ်။ အခုဆိုလို့ ရှိရင် အကောင်း မြင်လာတာ များတယ်။ ဥက္ကဋ္ဌ အနေနဲ့ ဆိုရင်တော့ ဦးသိန်းစိန်ကို တိုင်းပြည် အပေါ် စေတနာရှိတဲ့ ပုဂ္ဂိုလ် တိုင်းပြည် အပေါ်မှာ ပြောင်းလဲ တိုးတက်စေချင်တဲ့ ပုဂ္ဂိုလ်လို့ မြင်တယ်။

မေး။ ။ လက်ရှိ အစိုးရ လက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာရော ဘယ်လို မြင်မိလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်ထဲမှာ ဒီမိုကရေစီ အယူအဆ ပြန့်ပွားအောင် ပထမဆုံး အုတ်မြစ်ချတဲ့ ပုဂ္ဂိုလ် တဦးလို့ မြင်တယ်။ နိုင်ငံကို တကယ် တိုးတက် ပြောင်းလဲ စေချင်တယ်၊ ဒီမိုကရေစီကို လက်ကိုင် ကျင့်သုံးစေချင်တဲ့ စေတနာ ရှိတယ်လို့ မြင်တယ်။ လက်ရှိ အစိုးရနဲ့ လက်တွဲပြီး လုပ်ကိုင်ခြင်းဟာ တဘက်နဲ့ တဘက် ပိုပြီးတော့ နားလည်မှု ရလာအောင် ဒီမိုကရေစီ သွားတဲ့ နေရာမှာ ပိုပြီးတော့ လက်တွဲနိုင်အောင် လုပ်နေတယ်လို့ မြင်တယ်။

မေး။ ။ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး RCSS အနေနဲ့ အရင်တုန်းက ဝေဖန် ကန့်ကွက် ခဲ့ဖူးတယ်၊ အခု လက်ရှိ အချိန်မှာရော ဘယ်လို သဘောထား ရှိပါလဲ။

ဖြေ။ ။ နိုင်ငံ တနိုင်ငံရဲ့ တိုးတက် ပြောင်းလဲမှုဟာလည်း အခြေခံ ဥပဒေ အပေါ်မှာ မူတည်တယ်။ ပြည်သူ အများစုဟာ ဒီအခြေ ခံ ဥပဒေက ဒီမိုကရေစီ လမ်းစဉ်နဲ့ မညီဘူး၊ ပြောင်းလဲ စေချင်တယ် ဆိုလို့ရှိရင် ပြောင်းစေချင်တယ်။ ၂၀၀၈ အခြေခံ ဥပဒေဟာ ဒီမိုကရေစီ လမ်းစဉ်နဲ့ မကိုက်ညီဘူး။ ဒါကြောင့် ပြုပြင် စေချင်တယ်။

မေး။ ။ RCSS အနေနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပူးပေါင်းသွားဖို့ဆိုရင် အဲဒီမှာ ကိုယ်မကြိုက်တဲ့ ဘယ်လို အချက်တွေက အခက်အခဲတွေ ရှိမလဲ။

ဖြေ။ ။ သူတို့ရဲ့ အခြေခံမူပေါ်မှာ မူတည်တယ်။ ရှမ်းပြည်ပဲ ဖြစ်ဖြစ်၊ ကရင်ပြည်ပဲ ဖြစ်ဖြစ်၊ ပြည်နယ် ကိုယ်စားပြုတဲ့ အဖွဲ့က တဖွဲ့တည်းပဲ ရှိရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဒီ ရှမ်းပြည်ထဲမှာ ရှိတဲ့ တခြား အဖွဲ့လေးတွေကို လက်ခံလိုက်တော့ အကုန်လုံး ရှုပ်ကုန်တော့ မဝင်နိုင်ဘူးပေါ့။

မေး။ ။ SSA တခုလုံးမှာ ဆိုလို့ ရှိရင် တပ်အင်အား စုစုပေါင်း ဘယ်လောက် ရှိမလဲ။

ဖြေ။ ။ အဲဒါကတော့ နိုင်ငံရေး ဆွေးနွေးြ့ပီးတဲ့အခါကြမှ အတိအကျ သိလိမ့်မယ်။

မေး။ ။ ပြီးခဲ့တဲ့နှစ် ရှမ်းပြည်နယ် အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားမှာ အင်အား ၅ ထောင်ကျော်လောက် သုံးသွားတာ တွေ့ရတယ်၊ ဒီနှစ်ကတော့ အဲဒီလောက် မများဘူးပေါ့။ ဒီလောက်ကြီးတဲ့ တပ်အင်အားတွေ၊ တပ်မိသားစုတွေနဲ့ ဒုက္ခသည်တွေကို ဘယ်လို ထိန်းချုပ်လဲ၊ သူတို့ ဒီလို ရပ်တည် နိုင်အောင် အတွက် ဝင်ငွေတွေက ဘယ်ကနေ ရနေလဲ။

ဖြေ။ ။ ထိန်းချုပ်တာကတော့ ထုံးတမ်း အစဉ်အလာတွေ အရ ဗုဒ္ဓဘာသာကို အခြေ တည်ပြီးတော့ ထိန်းချုပ်လာခြင်းပဲ ဖြစ် တယ်။ စားဝတ်နေရေး အတွက် ကြတော့ ရှမ်းပြည်နယ်ထဲမှာ သဘာဝက ပေးတဲ့ အာဟာရတွေ အများကြီး ရှိတယ်၊ အဲဒါတွေက စားဝတ်နေရေး အတွက် ပြေလည် သွားတယ်၊ နောက်ပြီးတော့ အခွန်အကောက်တွေလည်း ရှိတယ်။

မေး။ ။ အခွန်အကောက်တွေ ဆိုတာက ဘယ်လို နေရာမျိုးတွေမှာ ကောက်တာလဲ။

ဖြေ။ ။ ကားတွေပြေးတဲ့ ကားလိုင်းတွေဆီကလည်း အခွန် ကောက်တယ်၊ ကျွဲကုန်သည်၊ နွားကုန်သည်တွေဆီကလည်း အခွန် ကောက်တယ်။ နောက်ပြီးတော့ သစ်ထုတ်တဲ့ ကုမ္ပဏီတွေ၊ သတ္ထုတူးတဲ့ ကုမ္ပဏီတွေ၊ ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေဆီကလည်း သူ့အချိုးအစားနဲ့ သူ့အင်အားနဲ့ သူကောက်တယ်၊ အမျိုးမျိုးပေါ့။ ။

ဧရာဝတီ

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) က ရှမ်းပြည်နယ် တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်မှာ အခြေ စိုက်ပြီး ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တန်းတူညီမျှမှု ရရှိရေး အတွက် စစ်အစိုးရကို လက်နက်ဆွဲကိုင် တော်လှန်ခဲ့တဲ့ တိုင်းရင်းသား တပ်မတော် တဖွဲ့ ဖြစ်ပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်လည်း ရရှိထားပါတယ်။

မြန်မာ-အမေရိကန် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဆောက်မည်

လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေသော မြန်မာနိုင်ငံအတွက် လျှပ်စစ် ၈၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင် မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်ရန် မြန်မာအစိုးရနှင့် အမေရိကန် အခြေစိုက် လျှပ်စစ်စွမ်းအင် အလျင်အမြန် ထုတ်လုပ် အသုံးပြုရေး နယ်ပယ်တွင် ကမ္ဘာ့ရှေ့တန်း ရောက်နေသည့် ARP Energy ကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုလိုက်ကြောင်း ARP Energy ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

ဂျပန်၊ ဒိုင်ဝါနှင့် မြန်မာ့သကြား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့ ပူးပေါင်းရန် ဆွေးနွေး

ဂျပန်နိုင်ငံ၊ ဒိုင်ဝါအဖွဲ့အစည်း(Daiwa)နှင့် မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ (MSD) တို့ နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် ဒိုင်ဝါမှ အလုပ်အမှုဆောင် Mr. Go Fuji Yama မှ တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် လာရောက် ဆွေးနွေးညှိနှိုင်းခဲ့သည်။

မြရည်နန္ဒာအိမ်ရာစီမံကိန်း မေလပြီးမည်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ ကနဦး တည် ဆောက်နေသော အဆောက်အအုံများကို၂၀၁၄ ခုနှစ်၊ မေလတွင် အပြီးတည်ဆောက်သွားရန် ခန့်မှန်း ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆီးရီးယားအား အကူအညီ ပေးရေး ဆုံးဖြတ်ချက် မူကြမ်းအား ရုရှား ကန့်ကွက်မှု အပေါ် အိုဘားမား ပြစ်တင်ဝေဖန်

Photo: ဆီးရီးယားအား အကူအညီ ပေးရေး ဆုံးဖြတ်ချက် မူကြမ်းအား ရုရှား ကန့်ကွက်မှု အပေါ် အိုဘားမား ပြစ်တင်ဝေဖန်
Friday, February 14, 2014

ဆီးရီးယား နိုင်ငံ အတွင်းသို့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပို၍ ပေးအပ်သွားရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှား နိုင်ငံက ကန့်ကွက် ခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုံးဖြတ်ချက် မူကြမ်းနှင့် ပတ်သက်၍ ရုရှား နိုင်ငံက ကန့်ကွက်မှု ပြုလုပ်ခဲ့ သော်လည်း အနောက် နိုင်ငံများ အနေဖြင့် ၎င်းမူကြမ်းကို ပယ်ချရန် ရည်ရွယ်ချက် မရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် အခြား နိုင်ငံခြားရေး ဝန်ကြီးများ အနေဖြင့် ဆုံးဖြတ်ချက် မူကြမ်းနှင့် ပတ်သက်၍ ရုရှား နိုင်ငံ၏ အတိုက်အခံ ပြုလုပ်မှုကို ရပ်တန့်ပေးရန် ရုရှား နိုင်ငံအား တောင်းဆိုခဲ့ကြောင်း ဝါရှင်တန် မြို့၌ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒ်နှင့် ပြုလုပ်ခဲ့သော ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် အိုဘားမားက ပြောကြားသည်။

အိုဘားမား၏ ပြောကြားချက် ထွက်ပေါ်လာပြီး နောက်တွင် ပြင်သစ် သမ္မတ ဟော်လန်ဒ်ကလည်း ပြင်သစ်နိုင်ငံ အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက် မူကြမ်း ဖြစ်မြောက်ရေး အတွက် ရှေ့ဆက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ချက် ချထားကြောင်း ထပ်လောင်းပြောကြား ခဲ့သည်ဟု သိရသည်။

ဆီးရီးယား နိုင်ငံအား အကူအညီ ပေးရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက် မူကြမ်းကို ကုလ လုံခြုံရေး ကောင်စီအတွင်း အယူအဆ ကွဲပြား နေမှုကြောင့် အောက်တိုဘာလ တိုင်အောင် ဆုံးဖြတ်ချက် ချနိုင်မည် မဟုတ်ကြောင်း၊ သို့သော် အနောက် နိုင်ငံနှင့် အာရပ် နိုင်ငံများ အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက် ဖြစ်မြောက်ရေး အတွက် ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ဆီးရီးယား နိုင်ငံ အတွင်းသို့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပို၍ ပေးအပ်သွား ရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှား နိုင်ငံက ကန့်ကွက် ခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့သည်ဟု သိရသည်။

ဗဟို အာဖရိက သမ္မတ နိုင်ငံသို့ တပ်ဖွဲ့ဝင်များ ထပ်မံ စေလွှတ်ပေးရန် ပြင်သစ် အစိုးရအား ဘန်ကီမွန်း တောင်းဆို

Photo: ဗဟို အာဖရိက သမ္မတ နိုင်ငံသို့ တပ်ဖွဲ့ဝင်များ ထပ်မံ စေလွှတ်ပေးရန် ပြင်သစ် အစိုးရအား ဘန်ကီမွန်း တောင်းဆို
Friday, February 14, 2014

ဗဟိုအာဖရိက သမ္မတ နိုင်ငံတွင် ဖြစ်ပွားလျက် ရှိသည့် ပဋိပက္ခ များကို အဆုံး သတ်စေရေး အထောက်အပံ့ ဖြစ်စေရန် အတွက် ၎င်းနိုင်ငံ အတွင်းသို့ တပ်ဖွဲ့ဝင် များစွာကို ထပ်မံ စေလွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြင်သစ် အစိုးရအား ဖေဖော်ဝါရီ ၁၁ ရက်တွင် တောင်းဆိုလိုက်သည်။

အဆိုပါ နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသော အကြမ်းဖက် တိုက်ခိုက်မှု များသည် ပိုမိုဆိုးရွား လာခဲ့ပြီး ပြင်သစ် ကိုလိုနီ ကာလ အတွင်းက ဖြစ်ပွားခဲ့သော မျိုးဖြုတ် သတ်ဖြတ်ခြင်းများ ထပ်မံ ဖြစ်ပွားမည်ကို ဘန်ကီမွန်းက စိုးရိမ်လျက် ရှိသည်။

ဗဟို အာဖရိက သမ္မတ နိုင်ငံတွင် ပြီးခဲ့သည့် နှစ်မတ်လက ဆယ်လီကာ မူဆလင် သူပုန် အဖွဲ့က အာဏာသိမ်းယူ ပြီးကတည်းက နိုင်ငံ၏ လူဦးရေ လေးပုံ တစ်ပုံခန့်သည် တိုက်ခိုက်မှု များကြောင့် အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေး ကြရသည်။ အဆိုပါ တိုက်ပွဲများ အတွင်း အနည်းဆုံး ပြည်သူ ၂ဝဝဝ နီးပါး အသက်ဆုံးရှုံး ခဲ့ရသည်။

ဂိုဏ်းဂဏ ဆိုင်ရာ တိုက်ခိုက်မှု များသည် နိုင်ငံ၏ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါ တိုက်ခိုက်မှု များကို တားဆီးပြီး ပြည်သူများကို ကာကွယ် ရမည် ဖြစ်ကြောင်း၊ ယင်းနိုင်ငံ အတွင်း တရား ဥပဒေကို ပြန်လည် ထိန်းသိမ်းရမည် ဖြစ်ပြီး လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အထောက်အပံ့များ ပေးအပ် သွားရမည် ဖြစ်ကြောင်း ဘန်ကီမွန်းက သတင်းထောက် များကို ပြောကြားခဲ့သည်။

မြ၀တီ
ဗဟိုအာဖရိက သမ္မတ နိုင်ငံတွင် ဖြစ်ပွားလျက် ရှိသည့် ပဋိပက္ခ များကို အဆုံး သတ်စေရေး အထောက်အပံ့ ဖြစ်စေရန် အတွက် ၎င်းနိုင်ငံ အတွင်းသို့ တပ်ဖွဲ့ဝင် များစွာကို ထပ်မံ စေလွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြင်သစ် အစိုးရအား ဖေဖော်ဝါရီ ၁၁ ရက်တွင် တောင်းဆို လိုက်သည်။

ပဲခူးမြို့ ဥဿာမြို့သစ် သီးသန့် ၂၄ ရပ်ကွက်ရှိ ကျူးကျော်အိမ်ထောင်စု ၁၅၃ စုအား ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထားဖယ်ရှားပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး သတိပေး

Photo: ပဲခူးမြို့ ဥဿာမြို့သစ် သီးသန့် ၂၄ ရပ်ကွက်ရှိ ကျူးကျော်အိမ်ထောင်စု ၁၅၃ စုအား ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထားဖယ်ရှားပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး သတိပေး
Friday, February 14, 2014

ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈) သီးသန့်(၂၄)ရပ်ကွက်ရှိ ပလပ်မြေများပေါ်တွင် ကျူးကျော်တဲများ ဆောက်လုပ်နေထိုင်နေသည့် အိမ်ထောင်စုများအား ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထားဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးခဲ့ကြောင်း အဆိုပါ ကျူးကျော်အိမ်ထောင်စုများထံမှ သိရသည်။

သီးသန့် ၂၄ ရပ်ကွက်နေသူတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က “မနေ့ညက မြို့နယ်အုပ်ချုပ်ရေးမှူးက စာသင်ကျောင်းမှာ အစည်းအဝေးခေါ်လုပ်တယ်။ ဒီက ကျူးကျော်တဲတွေအားလုံး နောက်ငါးရက်အတွင်း ဖယ်ရှားပေးဖို့နဲ့ မဖယ်ပေးရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး ပြောသွားပါတယ်” ဟု ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး ၈ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက “မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် အစည်းအဝေး လုပ်သွားပါတယ်။ ဒီသီးသန့် ၂၄ ရပ်ကွက်မှာ နေထိုင်နေတဲ့ ကျူးကျော်တဲတွေ အကုန်လုံးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ပြောပါတယ်။ မြေအစားရထားတဲ့ အိမ်ထောင်စုတွေမပါဘဲ ဒီမှာနေထိုင်နေတဲ့ ကျူးကျော်တဲအိမ်ထောင်စု က ၁၅၃ အိမ်ထောင်စု ရှိပါတယ်” ဟု ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၎င်းရပ်ကွက်မှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့် မြို့ရှောင်လမ်း စီမံကိန်းကြောင့် သိမ်းဆည်းခဲ့သည့်  ရွာကြီးခြောက်ရွာနှင့် ရပ်ကွက်ကြီးများမှ အိမ်ထောင်စုများအား ပြန်လည်နေရာချမြေအစားပေးသည့် ရပ်ကွက်ဖြစ်ပြီး မြေသိမ်းဆည်းစဉ်က တစ်ဧကမှ နှစ်ဧကအထိ အသိမ်းခံရသည့် အိမ်ထောင်စုများလည်းရှိပြီး ပြန်လည်အစားပေးသည့်အခါ ပေ ၂၅×၄၀ မြေကွက်များသာ ပြန်ပေးသဖြင့် မိသားစုများသည့်အိမ်ထောင်စုများမှာ ပလပ်မြေများပေါ်တွင် ကျူးကျော်တဲများထိုး၍ နေထိုင်လျက်ရှိကြောင်း နေထိုင်သူများက ဆိုသည်။

အဆိုပါရပ်ကွက်တွင် ကျူးကျော်တဲထိုး၍ နေထိုင်နေသူတစ်ဦးက “ပြန်ပေးတဲ့ မြေကွက်တွေကကျဉ်းလို့ အိမ်ထောင်စုများတဲ့သူတွေက ပလပ်မြေတွေပေါ်မှာ တဲဆောက်ပြီး သွားနေတော့ ကျူးကျော်ဆိုပြီး သက်ဆိုင်ရာက သတ်မှတ်တာကို ခံရပါတယ်။ သိမ်းခံရတဲ့ မြေကွက်တွေက ပေ ၈၀×၁၀၀ အနည်းဆုံး ရှိကြတယ်။ တချို့ဆို သုံးဧကလောက်ကျယ်တဲ့ ခြံတွေလည်းရှိတယ်။ ဒါပေမဲ့ ဒီမှာပြန်ရတော့ ပေ ၂၅× ၄၀ ပဲ ပြန်ရကြတယ်” ဟု ပြောကြားသည်။
ဥဿာမြို့သစ် ရပ်ကွက်ကြီး ၈ သီးသန့် ၂၄ ရပ်ကွက်တွင် ဟံသာဝတီလေဆိပ် စီမံကိန်းနှင့် မြို့ရှောင်လမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့လာခဲ့ရသည့် ဘုရင့်နောင်၊ မဟာကြီး၊ ဆပ်ပြာကျင်း၊ နွားတဲကုန်း၊ ချမ်းသာကွင်း၊ ဘောင်းတော်ကျ စသည့်ရွာများမှ အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

 Eleven Media Group

ဥဿာမြို့သစ် ရပ်ကွက်ကြီး(၈) သီးသန့်(၂၄) ရပ်ကွက်ရှိ ကျူးကျော်နေ အိမ်အချို့ ကို ဇန်န၀ါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ဥဿာမြို့သစ် ရပ်ကွက်ကြီး(၈) သီးသန့်(၂၄) ရပ်ကွက်ရှိ ကျူးကျော်နေအိမ်အချို့ ကို 
ဇန်န၀ါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈) သီးသန့်(၂၄)ရပ်ကွက်ရှိ ပလပ်မြေများပေါ်တွင် ကျူးကျော်တဲများ ဆောက်လုပ်နေထိုင်နေသည့် အိမ်ထောင်စုများအား ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထား ဖယ်ရှားပေး ရန်နှင့် မဖယ်ရှားပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက သတိပေးခဲ့ကြောင်း အဆိုပါ ကျူးကျော်အိမ်ထောင်စုများထံမှ သိရသည်။

ရဟန်းသံဃာများကို တပ်မတော်က စစ်သင်တန်းပေးခြင်းမရှိဟု ဦးရဲထွဋ်ငြင်းဆို

Photo: ရဟန်းသံဃာများကို တပ်မတော်က စစ်သင်တန်းပေးခြင်းမရှိဟု ဦးရဲထွဋ်ငြင်းဆို
Friday, February 14, 2014

ကချင်ပြည်နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် မြန်မာ့ တပ်မတော်တို့ ထိစပ်နေသည့် ဒေသများတွင် ရဟန်းသံဃာများကို စစ်သင်တန်း ပေးနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ မြန်မာ့တပ်မတော်က ရဟန်းသံဃာများကို စစ်သင်တန်းပေးခြင်း လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုသည်။

သံဃာတော် သုံးပါးကို မြန်မာ့ တပ်မတော်က စစ်သင်တန်း ပို့ချနေသည်ဆိုသည့် မှတ်တမ်း ဓာတ်ပုံတစ်ခု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်၍ The Voice ၏ ဆက်သွယ် မေးမြန်းမှုကို သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သည့် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“သံဃာတော်တွေကို သင်တန်းပေးတာ မဟုတ်ပါဘူး။ ပြည်သူ့စစ်တွေကို သင်တန်းပေးနေချိန်မှာ ရွာက ဦးပဉ္စင်းတွေ ကိုရင်တွေ လာကြည့်ပြီး သေနတ်ကိုင်ကြည့် ချင်တယ်ဆိုလို့ လုပ်ပြတာ” ဟု ဦးရဲထွဋ်က ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လယ်မှစတင်ကာ လူမှုကွန်ရက် စာမျက်နှာတွင် သံဃာတော် သုံးပါးနှင့်အတူ ပြည်သူ့စစ် အဖွဲ့ဝင်များကို တပ်မတော်က စစ်သင်တန်း ပို့ချနေသည်ဆိုသည့် ဓာတ်ပုံတစ်ပုံ ပျံ့နှံ့ခဲ့ပြီး အဆိုပါ ဓာတ်ပုံမှာ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုကို ရင်ဆိုင် တိုက်ခိုက်ရန်အတွက် စစ်သင်တန်း ပို့ချနေခြင်း ဖြစ်ကြောင်း၊ သင်္ကန်းဝတ်ဖြင့် တွေ့မြင်ရသည်မှာ မသင့်တော်ကြောင်း၊ လူဝတ်လဲပြီးမှသာ လုပ်ဆောင်သင့်ကြောင်း ယင်းဓာတ်ပုံတွင် ပုံစာအဖြစ် ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တောင်ဘက် တပ်မတော် ရဟတ်ယာဉ် ပျက်ကျဖူးသည့် တာလောကြီးဒေသရှိ ရှမ်းရွာများတွင် ရွာသူရွာသားများကို ပြည်သူ့စစ်က သင်တန်း ပို့ချနေခြင်း ဖြစ်ကြောင်း၊ ဓာတ်ပုံပါ သံဃာတော်များမှာ အနီးရှိ ကျေးရွာများမှ သံဃာအချို့ အပျော်သဘော ဝင်ရောက် ပစ်ခတ်သည်ကို မှတ်တမ်း တင်ထားခြင်း ဖြစ်နိုင်ကြောင်း၊ တပ်မတော်အနေနှင့် သံဃာများကို စစ်သင်တန်းပေးခြင်း မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
“ရှမ်းရွာတွေဆိုတော့ ကေအိုင်အေက တပ်သား စုဆောင်းတာတွေ ရှိလို့ ပြည်သူ့စစ် သင်တန်းပေးတာပါ။ နောင်မှာ ဒီလို ဝင်ရောက်ကြည့်ရှု ကိုင်တွယ်တာတွေ ခွင့်မပြုဖို့လည်း စိစစ်ကြပ်မတ်သွားမှာပါ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

တာလောကြီးဒေသ ဌာနေပြည်သူ့ စစ်အဖွဲ့ကို ဖွဲ့စည်းထားသည်မှာ အချိန် ၂ နှစ်ဝန်းကျင် ရှိပြီဖြစ်ပြီး ရှမ်းနီ လူမျိုးများ အများစုနေထိုင်သည့် ကချင်ပြည်နယ် အတွင်းရှိ ဒေသတစ်ခုဖြစ်ပြီး ပြည်သူ့စစ်အင်အား ၉၀၀ ဝန်းကျင် ရှိကြောင်း တပ်မတော်နှင့် နီးစပ်သူများထံမှ သိရသည်။

The Voice Weekly
ကချင်ပြည်နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် မြန်မာ့ တပ်မတော်တို့ ထိစပ်နေသည့် ဒေသများတွင် ရဟန်းသံဃာများကို စစ်သင်တန်း ပေးနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ မြန်မာ့ တပ်မတော်က ရဟန်းသံဃာများကို စစ်သင်တန်းပေးခြင်း လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုသည်။

မြန်မာ့ဂုဏ်ရောင်သပိတ်စခန်း ၁၅ ရက်မြောက် ဆန္ဒပြသူသုံးဦးထိ ဆေးခန်းပို့ဆောင်ခဲ့ရ

တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်တွင် နေထိုင်သူများဟုဆိုသူများ နစ်နာကြေးရရှိရန်အတွက် သပိတ်စခန်း ၁၅ ရက်မြောက်နေ့အထိ ဆန္ဒပြသူသုံးဦး ဆေးခန်းပြရသည့်အခြေအနေထိရှိလာပြီဟု ဆန္ဒ ပြသူများက မဇ္ဈိမကို ပြောသည်။

အစိုးရအပါအ၀င် အဖွဲ့အစည်းများ၏ ပိုလျှံငွေများကို အခြားမည်သည့် ကိစ္စအတွက်မျှ လွှဲပြောင်းသုံးစွဲခြင်း မပြုဘဲ မတ် ၃၁ ရက် မတိုင်မီ တိကျစွာပြန်လည် အပ်နှံရမည်ဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား

အစိုးရအပါအဝင် အဖွဲ့အစည်းများ၏ ပိုလျှံငွေများကို အခြားမည်သည့် ကိစ္စအတွက်မျှ လွှဲပြောင်းသုံးစွဲခြင်း မပြုဘဲ မတ် ၃၁ ရက် မတိုင်မီ တိကျစွာ ပြန်လည်အပ်နှံရမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

၂၀၃၀ တွင် တစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိရေး ကမ္ဘာ့ဘဏ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်

၂၀၃၀ တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများက ပြောသည်။ လက်ရှိကာလတွင် မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအတွက် အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားရရှိရေး စီမံကိန်း (National Electrification Plan) ကို ရေးဆွဲထားပြီး ၂၀၁၄ အောက်တိုဘာတွင် ပြီးစီးမည်ဟုဆိုသည်။

ဆက်သွယ်ရေး နည်းဥပဒေကို အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲပြီး အဓိက အချက်ကိုးချက် ပါဝင်မည်

Photo: ဆက်သွယ်ရေး နည်းဥပဒေကို အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲပြီး အဓိက အချက်ကိုးချက် ပါဝင်မည်
Friday, February 14, 2014

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆက်သွယ်ရေး နည်းဥပဒေကို အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ စံချိန်စံညွှန်းမျာနှင့်အညီ ရေးဆွဲပြီး အဓိက အချက်ကိုးချက် ပါဝင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

အဓိကပါဝင်မည့် အချက်ကိုးချက်မှာ (က) ဆက်သွယ်ရေး ဝန်ဆောင်မှုတွင် ဈေးကွက်ယှဉ်ပြိုင်မှု (Competition) ပါဝင်လာမည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအတွက် ယုံကြည်မှုရှိစေမည့် နည်းဥပဒေ အချက်အလက်များ၊ (ခ) ဆက်သွယ်ရေး ဝန်ဆောင်မှုအား ကျေးလက်မြို့ပြဒေသရှိ ပြည်သူများ အရည်အသွေး ဈေးနှုန်းကို ရွေးချယ်သုံးစွဲနိုင်ခွင့် ရရှိစေမည့် နည်းဥပဒေ အချက်အလက်များ၊ (ဂ)နိုင်ငံတော်၏ လေလှိုင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးများနှင့်အညီ အခွန်အခ ရရှိစေမည့် နည်းဥပဒေ အချက်များ၊ (ဃ) အော်ပရေတာ လိုင်စင်ခွန်ကဲ့သို့ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများ နည်းဥပဒေ အချက်များ၊ (င) ကိန်းဂဏန်းစနစ်ဆိုင်ရာ အခွန်အခ ရရှိစေမည့် နည်းဥပဒေ အချက်များ၊ (စ) အခြားအပြည်ပြည်ဆိုင်ရာတွင် ကျင့်သုံးသော နည်းဥပဒေဆိုင်ရာ အချက်များမှ မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် နည်းဥပဒေ အချက်များ၊ (ဆ) စာချုပ်ဖောက်ဖျက်ခြင်း သတ်မှတ်ချိန် ပြီးစီးမှုမရှိခြင်း၊ အခွန်ဆောင်မှု မရှိခြင်းများအတွက် ဆောင်ရွက်နိုင်မည့် နည်းဥပဒေဆိုင်ရာ အချက်များ၊ (ဇ) နိုင်ငံတော် လုံခြုံရေးနှင့် နိုင်ငံတော်၏ ဆက်သွယ်ရေး ကွန်ရက်လုံခြုံမှုကို အကာအကွယ်ပေးနိုင်မည့် နည်းဥပဒေဆိုင်ရာ အချက်များ၊ (ဈ) အခြားလိုအပ်သော နည်းဥပဒေဆိုင်ရာ အချက်များစသည့် အချက်ကိုးချက်အပြင် အခြားလိုအပ်သည့် အချက်များကိုလည်း နိုင်ငံတကာနည်းတူ ရေးဆွဲပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

ရွှေတိဂုံဘုရားတွင် မိုဘိုင်ဖုန်း အသုံးပြုသူများကို တွေ့ရစဉ်
ရွှေတိဂုံဘုရားတွင် မိုဘိုင်ဖုန်း အသုံးပြုသူများကို တွေ့ရစဉ်
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆက်သွယ်ရေး နည်းဥပဒေကို အပြည်ပြည် ဆိုင်ရာ ဥပဒေ၊ စံချိန်စံညွှန်းမျာနှင့်အညီ ရေးဆွဲပြီး အဓိက အချက်ကိုးချက် ပါဝင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

ဆိပ်ကမ်းရှိ ရက်လွန်ကားများအတွက် မူဝါဒရေးဆွဲဆောင်ရွက်မည်

တစ်နှစ်ကျော်ကြာမြင့်သည့်တိုင် လာရောက်ထုတ်ယူခြင်းမရှိသေးသော ရန်ကုန်ဆိပ်ကမ်းရှိ လေလံ စာရင်းဝင် မော်တော်ကားများအတွက် မူဝါဒတစ်ရပ်ချမှတ်ကာ ဖြေရှင်းဆောင်ရွက်ပေးမည်ဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ဖဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူ ယမန်နှစ်ထက် ပိုမိုများပြား

Photo: ဖဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူ ယမန်နှစ်ထက် ပိုမိုများပြား
Friday, February 14, 2014

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်မြောက်မွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူ ဦးရေမှာ ယမန်နှစ်ထက် ပိုမိုများပြားခဲ့ကြောင်း ပြတိုက်ဦးစီးအရာရှိ ဦးကျော်အေးက ပြောကြားသည်။

 ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၂၀၀၇ ခုနှစ် ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ် ၂၃ ရက်တွင်မှ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ပြတိုက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက် မွေးနေ့တွင် ပြတိုက်သို့ လာရောက်သူ ဦးရေများပြားခဲ့သော်လည်း ယခုနှစ်တွင် ပိုမိုများပြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပျမ်းမျှလာရောက်သူ ဦးရေမှာ တစ်နေ့လျှင် ၁၅၀ ခန့်ရှိကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှင့် အာဇာနည်နေ့များတွင်မူ လာရောက်သူ ပိုမိုများပြားလေ့ရှိပြီး နိုင်ငံခြားခရီးသွားများလည်း နေ့စဉ်ဝင်ရောက်မှုရှိကြောင်း ဦးကျော်အေး၏ ပြောကြားချက်အရ သိရသည်။

“ဗိုလ်ချုပ်မွေးနေ့ဆိုတော့ ခါတိုင်းထက်တော့ လာတဲ့သူ များတာပေါ့။ ပြတိုက်အနေနဲ့တော့ မွေးနေ့ဆိုပြီး ထူးထူးခြားခြား ပြသထားတာမရှိပါဘူး။ ၀င်ကြေးက ပြည်တွင်းနဲ့ ပြည်ပအတူတူ ကျပ် ၃၀၀ ပဲ ကောက်ခံတာပါ။ နိုင်ငံခြားသားက ပုံမှန် တစ်ရက်ကို ၃၀ ကနေ ၉၀ အထိဝင်တယ်။ ပြည်တွင်းက ပုံမှန် ၅၀ ကနေ ၁၅၀ လောက်အထိ ၀င်တယ်”ဟု ဗိုလ်ချုပ်ပြတိုက်မှ ဦးစီးအရာရှိ ဦးကျော်အေးက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်လေ့လာခြင်းနှင့် ပတ်သက်၍ “အစ်မတို့ရဲ့ တောင်ဒဂုံပညာဒါနကျောင်းက ကျောင်းသားတွေကို ဗဟုသုတရအောင် လိုက်ပို့ပေးတာပါ။ ဒီနေ့က လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဆို့တော့ ထူးထူးခြားခြားနဲ့ အမှတ်တရဖြစ်သွားအောင် ဒီနေ့ကို လိုက်ပို့ပေးဖြစ်တာပါ”ဟု တောင်ဒဂုံရှိ ပညာဒါနကျောင်း တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“ဗိုလ်ချုပ်ပြတိုက်ကို အခုမှ ပထမဦးဆုံး ရောက်ဖူးတာပါ။ ဒီမှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အရာလေးတွေ တွေ့တော့ စိတ်ထဲမှာနည်းနည်းတော့ ၀မ်းနည်းမိတယ်။ နောက်နှစ်တွေလည်း လာဖြစ်နိုင်အောင် ကြိုးစားပြီးလာမှာပါ”ဟု လာရောက်လေ့လာသူ တစ်ဦးဖြစ်သူ ကိုအောင်ကျော်က ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ယူထိန်းသိမ်းပြုပြင်မှုများ ပြုလုပ်ထားခြင်းဖြစ်ပြီး နှစ်စဉ် အာဇာနည်နေ့နီးတိုင်း ဆေးပြန်သုတ်ခြင်း၊ အမိုးကို ရေနံချေးသုတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းနှင့် ၁၉၉၉ ခုနှစ်တွင် အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဆေးအသစ်တွေ ပြန်သုတ်ထားတာကို သိပ်မကြိုက်သလိုဘဲ။ မူလအရောင်တွေ မဟုတ်ဖူးလို့လည်း သိရတယ်။ ဒီလိုမျိုး သမိုင်းဝင်နေရာတစ်ခုကို ပုံစံမပျက်ဘဲ ထိန်းသိမ်းထားနိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။ ဥပမာ ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမကြီးလိုမျိုးပေါ့။ ကြည့်လိုက်ရင် သက်တမ်းရင့် အရသာကို ခံစားရတယ်။ သမိုင်းတွေကို ဖတ်ဖူးထားရင် အဲဒါကိုမြင်လိုက်တာနဲ့ မျက်လုံးထဲမှာ မြင်ယောင်စေတယ်။
ပုဂံမှာဆိုရင်လည်း ရှေးမူမပျက် ထိန်းသိမ်းတာမျိုးတွေ မလုပ်ခဲ့လို့ ကမ္ဘာ့အမွေအနှစ်စာရင်း မ၀င်ခဲ့တာလို့ သိရတယ်။ ဒီလိုမျိုးနေရာတွေကို စနစ်တကျနဲ့ ရှေးမူမပျက် ထိန်းသိမ်းစေချင်တယ်” ဟု ကျောက်တန်းမြို့နယ်မှ ပြတိုက်သို့ လာရောက်လေ့လာသူ တစ်ဦးဖြစ်သူ ကိုဘိုဘိုက ပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အဆိုပါ နေအိမ်တွင် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် ကျဆုံးချိန်အထိ နေထိုင်ခဲ့ပြီး ခြံအကျယ်အ၀န်းမှာ ၂ ဒသမ ၄၃၂ ဧက ရှိပြီး ငှားရမ်းနေထိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် အဆိုပါနေအိမ်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ထူထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရန်ပုံငွေအဖွဲ့က ၁၉၄၈ ခုနှစ်တွင် ၀ယ်ယူကာ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကို တရားဝင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၁၉၅၃ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်တွင် သားအလတ် ဖြစ်သူ အောင်ဆန်းလင်းသည် အဆိုပါခြံဝင်းအတွင်းရှိ ရေကန်တွင် ရေနစ်သေဆုံးခဲ့ပြီးနောက်  ဒေါ်ခင်ကြည်က ဆက်လက်နေထိုင်ခြင်း မပြုတော့ဘဲ ၁၉၅၇ ခုနှစ်တွင် ပြတိုက်ဖွင့်ရန် စတင်ပြင်ဆင်ခဲ့ကာ ၁၉၆၀ ပြည့်နှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့နောက် ၁၉၉၉ ခုနှစ် အကြီးစားပြင်ဆင်မှုလုပ်ရန်အတွက်ဟုဆိုကာ ခေတ္တပိတ်ထားခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဇူလိုင် ၁၉ အာဇာနည်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်တွင် ပြန်လည်ပိတ်ထားခဲ့ပြီး ၂၀၁၂ ခုနှစ်ကျမှသာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Eleven Media Group

ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်လေ့လာကြည့်ရှုနေသော ကျောင်းသား ကျောင်းသူများအား ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်လေ့လာကြည့်ရှုနေသော ကျောင်းသား ကျောင်းသူများအား
 ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်မြောက်မွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူ ဦးရေမှာ ယမန်နှစ်ထက် ပိုမိုများပြားခဲ့ကြောင်း ပြတိုက်ဦးစီးအရာရှိ ဦးကျော်အေးက ပြောကြားသည်။

ဂျာမန်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ထက်သန်မှုရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုဥပဒေ အပြောင်းအလဲ ဖြစ်မည်ကို စိုးရိမ်လျက်ရှိ

ဂျာမနီသမ္မတ ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံ ကုန်သွယ်စက်မှုအသင်း ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပွဲ အခမ်းအနားကို တွေ့မြင်ရစဉ်
ဂျာမန်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်မှု ရှိသော်လည်း လက်ရှိပြဋ္ဌာန်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအပြောင်းအလဲ ဖြစ်မည်ကို တွေးတောပူပန်မှုများ ရှိနေကြောင်း၊ သမ္မတ၏ ခရီးစဉ်နှင့်အတူ လိုက်ပါလာသော ဂျာမန်စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှရရှိသော သိရသည်။

လက်ရှိမြန်မာ့နိုင်ငံရေးနှင့် နိုင်ငံရေးအကျဉ်းသားများအရေး နော်ေ၀၀န်ကြီးချုပ်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ ဆွေးနွေး

ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့၌ နော်ေ၀၀န်ကြီးချုပ်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ တွေ့ဆုံဆွေးနွေးစဉ်
နော်ဝေဝန်ကြီးချုပ်ဟောင်း မစ္စတာရှယ်မက်နီဘွန်တာဗစ် အပါအဝင် အဖွဲ့ဝင်သုံးဦးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင်များသည် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ ရုံးခန်း၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်နာရီခွဲကျော်ကြာ တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေ အနေ၊ နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ အခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။

ရွှေတိဂုံ စေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်ဝင်ကြေး မြန်မာကျပ်ငွေဖြင့် ကောက်ခံမည်

Photo: ရွှေတိဂုံ စေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်ဝင်ကြေး မြန်မာကျပ်ငွေဖြင့် ကောက်ခံမည်
Friday, February 14, 2014

ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ကြည်ညိုကြသူများနှင့် သာသနိက အဆောက်အအုံများကို ကြည့်ရှုလေ့လာကြသော နိုင်ငံခြားသား ဝင်ရောက်မှုမှာ တစ်လထက် တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။ အဆိုပါ နိုင်ငံခြားသား ဧည့်သည်များအနက် ငါးနှစ်အောက် ကလေးများမှအပ ဧည့်ဝင်ကြေး ကောက်ခံမှုကို ယခင်ကဒေါ်လာ အက်ဖ်အီး စီဖြင့် ကောက်ခံခဲ့ရာ ဧပြီ၁ ရက်မှစတင်ကာ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က နိုင်ငံခြားသား ဧည့်သည်တစ်ဦးလျှင် ၅ ဒေါ်လာ သို့မဟုတ် အက်ဖ်အီးစီ ၅ ယူနစ်ကို ကောက်ခံခဲ့ပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ တစ်ဦးလျှင် ၈ ဒေါ်လာ သို့မဟုတ် အက်ဖ်အီးစီ ၈ ယူနစ်ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ကာ ယခုဧပြီတွင် သတ်မှတ် ၈ ဒေါ်လာနှင့် ညီမျှသည့် မြန်မာ ကျပ်ငွေလဲလှယ်မှုနှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ ရွှေတိဂုံစေ တီတော်သို့ လာရောက်သည့် နိုင်ငံခြားသား အများစုမှာ အာရှတိုက်သားများ ဖြစ်ကြသည့် ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ဖြစ်ကြပြီး ထို့အပြင် အမေရိကန်၊ ဂျာမနီနှင့် ပေါ်တူဂီနိုင်ငံများမှလည်း လာရောက်ဖူးမြော် လေ့လာကြကြောင်း သိရသည်။

မြ၀တီ
ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ကြည်ညိုကြသူများနှင့် သာသနိက အဆောက်အအုံ များကို ကြည့်ရှုလေ့လာကြသော နိုင်ငံခြားသား ဝင်ရောက်မှုမှာ တစ်လထက် တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။ အဆိုပါ နိုင်ငံခြားသား ဧည့်သည်များအနက် ငါးနှစ်အောက် ကလေးများမှအပ ဧည့်ဝင်ကြေး ကောက်ခံမှုကို ယခင်ကဒေါ်လာ အက်ဖ်အီး စီဖြင့် ကောက်ခံခဲ့ရာ ဧပြီ၁ ရက်မှ စတင်ကာ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။