Friday, August 22, 2014

လွတ်မြောက်လာသူ ရခိုင်ငါးဖမ်းသမား ၁၅ ဦး စစ်တွေမြို့ကို ရောက်ရှိ

Photo: လွတ်မြောက်လာသူ ရခိုင်ငါးဖမ်းသမား ၁၅ ဦး စစ်တွေမြို့ကို ရောက်ရှိ
Friday, August 22, 2014

ထိုင်းနိုင်ငံက ငါးဖမ်းသင်္ဘောတစ်စီးမှာ ရောင်းစားခံရတဲ့ ရခိုင်ပြည်နယ် မြေပုံနဲ့ အမ်းမြို့နယ်က အမျိုးသား ၁၅ ဦးဟာ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် နိုင်ငံတကာ ရွှေ့ပြောင်းသူများဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ( IOM) ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက် လာခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာသူ ၁၅ ဦးဟာ ဒီနေ့ စစ်တွေမြို့မှာ သတင်းသမားတွေနဲ့တွေ့ဆုံပြီး သူတို့ရဲ့ အခြေအနေတွေကို ပြောပြရာ အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာက ဦးမောင်မြင့်စိုးက အခုလို ပြောပါတယ်။

"၆ လပိုင်း ၂၉ ရက်နေ့ပြည့်တဲ့နေ့၊့ ၂၉ ရက်ပြည့်ပြီးတာနဲ့ ကျနော်တို့ဟာ လေယာဉ်ကွင်းတောင်ထိပ်ကို တောထဲမှာ ပုန်းအောင်းနေရတာပေါ့နော်၊ ဖုန်းတစ်လုံးပါသွားတာနဲ့ အဲ့ဒီက ကိုညီညီ ဆိုတဲ့လူကို အကူအညီတောင်းတယ်၊ သူက မော်လမြိုင်ကို အဆက်အသွယ်လုပ်ပေးတယ်၊ ကျနော်တို့လည်း ထမင်းမစားရဘူး ၆ ရက်ကျော်ပြီ၊ ကျနော်တို့ကိုလည်း နည်းနည်းပါးပါး စားဝတ်နေရေးတွေကိုလည်း အဆင်ပြေအောင်လုပ်ပေးပါဆိုတော့ သူကခိုးချောင်ခိုးဝှက်နဲ့ ကျနော်တို့ကို အကူအညီပေးတယ် ထမင်း၊ သူက ဂျကာတာမြို့တော် သံအမတ်ကြီးကို အကူအညီတောင်းတယ်၊ အဲ့ဒီက အဖွဲ့အစည်းနဲ့ပေါင်းပြီး ကျနော်တို့ကို လာကြိုတယ်၊ အဲ့ဒီကနေပြီး ကျနော်တို့ အဲ့ဒါနဲ့ အောင်အောင်မြင်မြင် ရောက်ရှိလာတာပါ"

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြေပုံမြို့နယ် သရက်တောင်ရွာခံအမျိုးသမီးတစ်ဦးက တစ်လကို ငွေကျပ် ၄သိန်းရမယ်ဆိုပြီး မြေပုံနဲ့ အမ်းမြို့နယ်က ဒေသခံအမျိုးသား ၁၅ ဦးကို ထိုင်းနိုင်ငံ မဟာချိုင်ကနေတစ်ဆင့် ထိုင်းငါးဖမ်းသင်္ဘောတစ်စီး မှာ ရောင်းစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီငါးဖမ်းသင်္ဘောဟာ အင်ဒိုနီးရှားနိုင်ငံရေပိုင်နက်အတွင်း ငါးဖမ်းနေတာဖြစ်ပြီး ၈ လလောက် အကြာမှာ အမ်မိုဆိပ်ကမ်းကို ဆိုက်ကပ်စဉ် အဲဒီသင်္ဘောပေါ်ကနေထွက်ပြေးပြီး အမ်မိုမြို့လေယာဉ် ကွင်းအနီးက တောထဲမှာ ၆ ရက်လောက် အစာငတ်ခံပုန်းအောင်းနေရာက မြန်မာသံရုံးနဲ့ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ နိုင်ငံတကာအဖွဲ့အကူအညီနဲ့ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအမျိုးသား ၁၅ ဦးကို အင်ဒိုနီးရှားနိုင်ငံအခြေစိုက် IOM က အင်ဒိုနီးရှားနိုင်ငံမှာ နှစ်လကြာထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ဒီနေ့မှာ ရခိုင်ပြည်နယ်ကို ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
ထိုင်းနိုင်ငံက ငါးဖမ်းသင်္ဘောတစ်စီးမှာ ရောင်းစားခံရတဲ့ ရခိုင်ပြည်နယ် မြေပုံနဲ့ အမ်းမြို့နယ်က အမျိုးသား ၁၅ ဦးဟာ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးနဲ့ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် နိုင်ငံတကာ ရွှေ့ပြောင်းသူများဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ( IOM) ရဲ့ အကူအညီနဲ့ ပြန် လည် လွတ်မြောက် လာခဲ့ပါတယ်။

ဆီးရီးယားမှာ သေဆုံးသူ ၁သိန်း ၉သောင်း ကျော်ပြီ

Photo: ဆီးရီးယားမှာ သေဆုံးသူ ၁သိန်း ၉သောင်း ကျော်ပြီ
Friday, August 22, 2014

ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်ပြီး ၃ နှစ် အတွင်း သေဆုံးသူ ၁ သိန်း ၉ သောင်း ၁ ထောင် ကျော် ရှိသွားပြီလို့ ကုလ သမဂ္ဂက ပြောကြား လိုက်ပါတယ်။

သေဆုံးသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ၂ ဆ နီးပါး တိုးလာတာလည်း ဖြစ်ပါတယ်။

ဒါဟာ နာမည်၊ နေရပ်နဲ့ သေဆုံးတဲ့ ရက်စွဲ သေချာ သိရတဲ့ စာရင်းကိုသာ ထုတ်ပြန်တာ ဖြစ်လို့ တကယ်တမ်း သေကြေ ပျက်စီးမှုက ဒီထက် အများကြီး ပိုနိုင်ကြောင်း ကုလ သမဂ္ဂ လူ့အခွင့်အရေး ရုံးက ထုတ်ပြန် ခဲ့ပါတယ်။

ဒီကိန်းဂဏန်း တွေဟာ ဘယ်လိုမှ လက်သင့် ခံနိုင်စရာ မရှိကြောင်း ရာထူးက အနားယူတော့မယ့် ကုလ လူ့အခွင့်အရေး မဟာမင်းကြီး မစ္စ နာဗီ ပီလေးက ပြောပါတယ်။

ပဋိပက္ခ ဒေသတွေက လူ့ အသက်တွေ သိန်းနဲ့ချီပြီး ပျက်စီးမှာကို ကာကွယ်ဖို့ ပျက်ကွက် ခဲ့တဲ့ လုံခြုံရေး ကောင်စီ ကိုလည်း မစ္စ နာဗီပီလေးက ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြား ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပြီးခဲ့တဲ့ နှစ်အတွင်း သေဆုံးသူ ၂ ဆ နီးပါး တိုးလာ
ပြီးခဲ့တဲ့ နှစ်အတွင်း သေဆုံးသူ ၂ ဆ နီးပါး တိုးလာ
ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်ပြီး ၃ နှစ် အတွင်း သေဆုံးသူ ၁ သိန်း ၉ သောင်း ၁ ထောင် ကျော် ရှိသွားပြီလို့ ကုလ သမဂ္ဂက ပြောကြား လိုက်ပါတယ်။

လက်ပံတောင်း တောင်ကြားစေတီ ထီးတင်ပြီ

Photo: လက်ပံတောင်း တောင်ကြားစေတီ ထီးတင်ပြီ
Friday, August 22, 2014

စီမံကိန်းနယ်မြေနဲ့ မလွတ်ကင်းလို့ ပြောင်းရွှေ့ပေးလိုက်ရတဲ့ လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ လက်ပံတောင်းတောင်ကြားက စေတီ ထီးတော်တင်ပွဲကို လုံခြုံရေးအင်အားများစွာ အသုံးပြုခဲ့ပါတယ်။

“ကျော်ရွာကို မရောက်ခင် တံတားလေးနားမှာ ရဲတပ်ဖွဲ့တွေ ယူနီဖောင်း အစုံအလင်နဲ့ အင်အားများစွာ နေရာယူ ထားပြီး၊ သံဆူးကြိုးတွေတော့ ချထားတယ်” လို့ လက်ပံတောင်းဒေသခံတစ်ဦးက ပြောပါတယ်။ 
“ပုံမှန်အတိုင်း လမ်းသွားလမ်းလာတွေ ဆိုရင်တော့ ဖွင့်ပေးပါတယ်၊ ဒေသခံတွေ စုဝေးလာမှာကို တားဆီးဖို့ လုံခြုံရေးချထားတာလည်း ဖြစ်နိုင်တယ်” လို့ သူကဆိုပါတယ်။

ဆန္ဒထုတ်ဖော်မှုပေါင်း ရာဂဏန်းကျော် အထိဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေနဲ့ မလွတ်ကင်းလို့ ရွှေ့ပြောင်းခဲ့ရတဲ့ လက်ပံတောင်း တောင်ကြားစေတီ ထီးတင်ပွဲအတွက် လုံခြုံရေးတင်းကျပ်စွာ ချထားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ထီးတော်တင်ပွဲ အခမ်းအနားသို့ ဝင်ရောက်တဲ့ ဂိတ်တွေမှာလည်း လုံခြုံရေးအများကြီးချပြီး စိစစ် ခွင့်ပြုတယ်လို့ ထီးတင်ပွဲ အခမ်းအနား တက်ရောက်သူတွေက ပြောဆိုကြပါတယ်။

ထီးတော်တင်လှုပွဲ အခမ်းအနားသို့ ဒေသခံ ကျေးရွာတွေကို လိုက်လံ ဖိတ်ကြားထားတာ မရှိပေမယ့် ထီးတင်ပွဲကို လာချင်တဲ့သူတွေကို စစ်ဆေးပြီးရင် လွတ်လပ်စွာ ဝင်ခွင့်ပြုတယ်လို့ ယင်းမာပင် ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှာ ထီးတော်တင်လှူ ပူဇော်ခဲ့ကြပါတယ်။

လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တယ်လို့ ဒေသခံတွေက သတ်မှတ်ကြတဲ့ လက်ပံတောင်း တောင်ကြားမှာရှိတဲ့ စေတီတော်နဲ့ သိမ်တော်ဟာ ကြေးနီတူးဖော်ရေး စီမံကိန်းနဲ့ မလွတ်ကင်း ဆိုပြီတော့ ဒီနှစ် မေလ ၃၀ ရက်နေ့က သိမ်နှုတ်ခဲ့ကြပါတယ်။

The Voice Weekly
စီမံကိန်းနယ်မြေနဲ့ မလွတ်ကင်းလို့ ပြောင်းရွှေ့ပေးလိုက်ရတဲ့ လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ လက်ပံတောင်းတောင်ကြား က စေတီ ထီးတော်တင်ပွဲကို လုံခြုံရေးအင်အားများစွာ အသုံးပြုခဲ့ပါတယ်။

လေဆင်နှာမောင်းနဲ့ ရိုက်တဲ့ ကမ္ဘာ့ အန္တရာယ် အများဆုံး Selfie

Photo: လေဆင်နှာမောင်းနဲ့ ရိုက်တဲ့ ကမ္ဘာ့ အန္တရာယ် အများဆုံး Selfie
Friday, August 22, 2014

ဝုန်းဒိုင်းကျဲနေတဲ့ လေဆင်နှာမောင်းကြီး တစ်ခုကို ကျောနောက်မှာ ထားပြီး Selfie ရိုက်တယ် ဆိုတာ အင်မတန် အန္တရာယ် များတဲ့ အလုပ်တစ်ခုလို့ ပြောနိုင်ပါ တယ်။ ဒါပေမဲ့ ဒီအလုပ်ကို သြစတြေးလျ နိုင်ငံသား တယ်ရီ တက်ဖာဆင်က အောင်မြင်စွာ လုပ်ဆောင်ပြ နိုင်ခဲ့ပါတယ်။

သူက သြစတြေးလျ နိုင်ငံရဲ့ ကန္တာရထဲမှာ တိုက်ခတ်နေတဲ့ လေဆင်နှာမောင်း တစ်ခုနဲ့ တွဲပြီး ဗီဒီယို ရိုက်ဖို့ ကြိုးပမ်းခဲ့ တာပါ။ သူ့ရဲ့ ကြိုးပမ်းမှုက အောင်မြင်ခဲ့ပြီး တစ်မိနစ် ကျော်ကျော်လေး ကြာမြင့်တဲ့ ဗီဒီယို တစ်ခုကို You Tube မှာ တင်နိုင်ခဲ့ ပါတယ်။ ဒီဗီဒီယိုကို သူလွယ်လွယ် ကူကူ ရခဲ့တာတော့ မဟုတ်ပါဘူး။ လေ ဆင်နှာမောင်းကြီးကို နောက်ခံ ထားပြီး ဗီဒီယို ရိုက်နေစဉ်မှာပဲ အဲဒီ လေဆင်နှာမောင်းကြီးက သူရှိရာ တည့်တည့်ကို ခတ်မြန်မြန် ရွှေ့လျားလာ ခဲ့လို့ သူ့မှာ အသည်း အသန်ပဲ ကားဆီကို ပြန်ပြေးခဲ့ရပါတယ်။ သူ့ရဲ့ ဗီဒီယိုထဲမှာ ကားထဲ ပြန်ရောက်ပြီးချိန်ထိ “ဘုရား၊ ဘုရား”နဲ့ အော်နေသံ ကိုပါ ကြားနိုင်ပါတယ်။

တယ်ရီ တက်ဖာဆန်ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဆစ်ဒနီ ဆိပ်ကမ်းမှာ ငါးမန်းဖြူတစ်ကောင်နဲ့ အတူ ရေကူးတဲ့ ဗီဒီယိုကို တင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ သူ့ရဲ့ ဗီဒီယိုဟာ ဖြတ်ညှပ်ကပ် ကြီးပါလို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒီနောက်ခံ အဖြစ်အပျက်ကြောင့် သူ့ရဲ့ အခု လေဆင်နှာမောင်းနဲ့ ဗီဒီယိုကိုလည်း ကြည့်ရှုသူ အချို့က အထင်တကြီး ရှိခဲ့ကြပေမယ့် တချို့ကလည်း အတုကြီးလို့ ဝေဖန်နေကြပြီး တက်ဖာဆန်ရဲ့ ဗီဒီယို တည်းဖြတ်မှု ပညာဟာ ဟောလိဝုဒ်က ပညာရှင်တွေ ထက်တောင် ထူးချွန်ပါပေတယ်လို့ အရွဲ့တိုက် နေကြ ပါတယ်။

ဗီဒီယိုကို အောက်က လင့်ခ်မှာ သွားကြည့်နိုင် ပါတယ်။

https://www.youtube.com/watch?v=P7aRR86VfTY

Mizzima - News in Burmese
ဝုန်းဒိုင်းကျဲနေတဲ့ လေဆင်နှာမောင်းကြီး တစ်ခုကို ကျောနောက်မှာ ထားပြီး Selfie ရိုက်တယ် ဆိုတာ အင်မတန် အန္တရာယ် များတဲ့ အလုပ် တစ်ခုလို့ ပြောနိုင်ပါ တယ်။ ဒါပေမဲ့ ဒီအလုပ်ကို သြစတြေးလျ နိုင်ငံသား တယ်ရီ တက်ဖာဆင်က အောင်မြင်စွာ လုပ်ဆောင်ပြ နိုင်ခဲ့ ပါတယ်။

ဓားစာခံများ ကိုကယ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့

 Photo: ဓားစာခံများ ကိုကယ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့
Friday, August 22, 2014

ဆီးရီးယားတွင် ဖမ်းဆီးခံခဲ့ရသော ဂျာနယ်လစ် ဂျိမ်းဖိုလေနှင့် အခြား အမေရိကန် ဓားစာခံများကို ကယ် တင်ရန် ယခုနွေရာသီက အမေရိကန်စစ်တပ်က ကြိုးစားခဲ့မှုကြောင့် တာဝန်ရှိသူတစ်ဦးကပြောပြီး ကယ် ဆယ်ရေးမှာ မအောင်မမြင် ဖြစ်သွားခဲ့ရကြောင်း ပင်တဂွန်က ပြောသည်ဟု သြဂုတ် ၂၁ ရက်က ရိုက်တာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

အသက် ၄၀ ရှိပြီဖြစ်သော ဖိုလေကို အစ်္စလာမ်မစ်နိုင်ငံတော် သောင်းကျန်းမှု များ ခေါင်းဖြတ်သတ်သည့် ဗီဒီယိုဖိုင် အင်တာနက်တွင် သြဂုတ် ၁၉ ရက်က ထွက်ပေါ်ခဲ့သည်။ ယင်း ခေါင်းဖြတ် ကွက်မျက်မှုအပေါ် သမ္မတအိုဘားမားက သြဂုတ် ၂၀ တွင် အပြင်းအထန် ရှုတ်ချကာ နိုင်ငံသားများကို ကာကွယ်ရန် အမေရိ ကန်အနေဖြင့် လုပ်ရလိမ့်မည်ဟု ပြောဆိုသည်။

အရေးနိမ့်ခဲ့သည် ကယ်ဆယ်ရေး လုပ်ငန်းကို လေကြောင်းနှင့် ခြေလျင်တပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် ပြီး ISIL အဖွဲ့၏ အချုပ်အနှောင် ခံနေရသူများ ရှိရာကို ဦးတည်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်သွေးကြွအုပ်စု ကို နည်မည်တစ်မျိုးဖြင့် ပြောင်းလဲအသုံးပြုကာ ပင်တဂွန်က သတင်း ထုတ်ပြန်သည်။

“ကံမကောင်းအကြောင်းမလှ ဖြစ်ရတာက ပတ်မှတ်ထားခဲ့တဲ့ နေရာမှာ ဓားစာခံများ ရှိမနေတာကြောင့် စစ်ဆင်ရေးက မအောင်မြင် ဖြစ်သွားခဲ့တယ်” ဟု ဖော်ပြသည်။ ယင်းစစ်ဆင်ရေးကို မည်သည့်အချိန်က ပြုလုပ်ခဲ့သည်ကို တာဝန်ရှိသူများက အတိအကျ မပြုသော်လည်း အနည်းဆုံး လွန်ခဲ့သော သီတင်းပတ်များ အတွင်းမှာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟု ပြောသည်။

Mizzima - News in Burmese
ဆီးရီးယားတွင် ဖမ်းဆီးခံခဲ့ရသော ဂျာနယ်လစ် ဂျိမ်းဖိုလေနှင့် အခြား အမေရိကန် ဓားစာခံများကို ကယ် တင်ရန် ယခုနွေရာသီက အမေရိကန် စစ်တပ်က ကြိုးစားခဲ့မှုကြောင့် တာဝန်ရှိသူတစ်ဦးကပြောပြီး ကယ် ဆယ်ရေးမှာ မအောင်မမြင် ဖြစ်သွားခဲ့ရကြောင်း ပင်တဂွန် က ပြော သည်ဟု သြဂုတ် ၂၁ ရက်က ရိုက်တာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

၁၁ နှစ်အရွယ် သမီးငယ်၏ လိင်ကိစ္စကို လျစ်လျူရှုပြီး ကိုယ်ဝန်ရှိချိန်တွင် ငွေညှစ်သည့် မိခင်ကို စွဲချက်တင်

Photo: ၁၁ နှစ်အရွယ် သမီးငယ်၏ လိင်ကိစ္စကို လျစ်လျူရှုပြီး ကိုယ်ဝန်ရှိချိန်တွင် ငွေညှစ် သည့် မိခင်ကို စွဲချက်တင်
Friday, August 22, 2014

အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည့် သမီးငယ်၏ လိင်မှုကိစ္စကို တားမြစ်ခြင်း မရှိသည့် အပြင် ကိုယ်ဝန်ရှိလာချိန်တွင် ငွေညှစ်ခဲ့သည့် မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့ စွဲချက်တင်ကာ စစ်ဆေးမှု ပြုလုပ်လျှက် ရှိသည်။

နယူတန် မြို့တွင် နေထိုင်သည့် အသက် ၃၇ နှစ် အရွယ် မစ္စစ် ဒူးရန့်သည် အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည့် သမီးငယ်နှင့် ယင်းတို့ မိသားစု မိတ်ဆွေ ဂျက်ကော့ဝှိုက်တို့၏ လိင်ကိစ္စများကို သိသော်လည်း မျက်ကွယ်ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် သမီးငယ် ကိုယ်ဝန်ရှိလာ ခဲ့ချိန်တွင် ဂျက်ကော့ဝှိုက် ကို ငွေညှစ် ခဲ့ခြင်း ဖြစ်သည်။ အသက် ၂၄ နှစ် ရှိပြီဖြစ်သည့် ၀ှိုက်သည် ယင်းထက် အသက်ထက်ဝက်ခန့် ငယ်သူ မိန်းကလေးငယ်နှင့် ပြီးခဲ့သည့် ဧပြီနှင့် မေလများတွင် မိန်းကလေး၏ အိပ်ခန်းအတွင်း တောက်လျှောက် အိပ်စက် ခဲ့ကြခြင်း ဖြစ်သည်။

ရဲမှတ်တမ်းများ အရ မိန်းကလေးက ဂျက်ကော့ဝှိုက်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို မိခင်ဖြစ်သူထံ ပြောကြားခဲ့ သော်လည်း မိခင်က နားမထောင် ခဲ့ကြောင်း သိရသည်။ ယင်းကိစ္စ အတွက် မစ္စစ် ဒူးရန့်ကို လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်း ထားခြင်း မရှိသေး သော်လည်း သမီးငယ်နှင့် အဆက်အသွယ် မလုပ်ရန် တားမြစ်ထားသည်။

အိမ်နီးချင်း မျက်မြင် သက်သေ တစ်ဦးဖြစ်သည့် ဂေါ်ဒွန်ဂျုံးစ်က ငွေညှစ်ခဲ့သည့် မစ္စစ် ဒူးရန့်၏ အပြုအမူအား အံ့အား သင့်စရာ မရှိကြောင်း ဆိုသည်။ “ဒီလိုဖြစ်တာ ဘာမှ အံ့အားသင့်စရာ မရှိဘူးဗျ။ သူတို့အိမ်လောက် အ၀င်အထွက် ရှုပ်တဲ့အိမ် ရှိမယ် မထင်ဘူး။ လူတွေက ၀င်ချင်တိုင်း ၀င်၊ ထွက်ချင်တိုင်း ထွက်နေကြတာ။ ဘယ်သူက ဘယ်အချိန် ၀င်သွားလဲ၊ အချိန်တော်လား၊ အချိန်မတော်ဘူးလား၊ မသိနိုင်ဘူးဗျ”ဟု ပြောသည်။

မိန်းကလေးမှာ လက်ရှိတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်ပြီး အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင် ခြင်းကြောင့် အန္တရာယ် ရှိနေသည်။ မိန်းကလေးကို ကိုယ်ဝန်ရှိစေ ခဲ့သူ ဂျက်ကော့ဝှိုက်မှာမူ တတိယအဆင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုဖြင့် တရားစွဲဆို ခံထားရသည်။

Ref: Daily Mail, whotv.com, newtondailynews
Mizzima - News in Burmese
အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည့် သမီးငယ်၏ လိင်မှုကိစ္စကို တားမြစ်ခြင်း မရှိသည့် အပြင် ကိုယ်ဝန်ရှိလာချိန်တွင် ငွေညှစ်ခဲ့သည့် မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့ စွဲချက်တင်ကာ စစ်ဆေးမှု ပြုလုပ်လျှက် ရှိသည်။

အီဘိုလာ ဟုတ်၊မဟုတ် အိန္ဒိယတွင် စစ်ဆေးရန် IATA၏ ခွင့်ပြုချက် မရသေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်ဆေးခွင့် ထောက်ခံချက် ရရှိပြီးသော်လည်း အီဘိုလာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူဟု သံသယရှိ သူ၏ သွေးနမူနာ စစ်ဆေးချက်ကို သတ်မှတ်ဓါတ်ခွဲခန်းသို့ ပို့ဆောင်နိုင်ရေး အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့၏ ခွင့်ပြုချက်မရသေးဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေမှူး ဒေါက်တာ ထွန်းတင်က မဇ္ဈိမကို ပြောသည်။

အစ္စရေးသို့ နိုင်ငံတကာ လေယာဉ်များ ပျံသန်းခြင်းမပြုရန် ဟားမက်စ်သတိပေး

Photo: အစ္စရေးသို့ နိုင်ငံတကာ လေယာဉ်များ ပျံသန်းခြင်းမပြုရန် ဟားမက်စ်သတိပေး
Friday, August 22, 2014

အစ္စရေးနှင့် ပါလက်စတိုင်း အပစ်ရပ် ဆွေးနွေးပွဲများ ပျက်ပြက်သွားပြီးနောက်အစ်္စရေးနှင့်စစ်ပွဲများပိုမို ဖြစ်ပွားလာမည် ဖြစ်သောကြောင့် နိုင်ငံခြားလေေ ကြာင်း လိုင်းများ အနေဖြင့် သြဂုတ် ၂၁ ရက်မှ စတင်ကာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ပျံသန်းခြင်းမပြုရန် ဟားမက်စ်တို့က သတိပေးလိုက်သည်ဟု သြဂုတ် ၂၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုးရက်ကြာ သေနတ်သံများ တိတ်ဆိတ်နေရာမှ အစ္စရေး တောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခံရသည် ကို လက်တုံ့ ပြန်သည့်အနေဖြင့် သြဂုတ် ၂၀ ရက်တွင် အစ္စရေးတို့က ဂါဇာကမ်းမြောင်တစ်လျှောက် လေ ကြောင်း တိုက်ခိုက်မှုများ ဆင်နွှဲလာပြီးနောက် ယခုကဲ့သို့ ဟားမက်စ်များက သတိပေးချက် ထုတ်ပြန်လာ ခြင်း ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်းအနေဖြင့် ဂါဇာတွင် အပစ်ရပ်ရေးကို အလျင်အမြန် သဘောတူမှုရရန် စေ့စပ်  ဆွေးနွေးပွဲများ တစ်ဖန်ဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထပ်၍ ဆော်သြထားသည်။

အပစ်အခတ်ရပ်ရေး တာရှည် တည်တံ့ရန် စေ့စပ်ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရေး တိုက်တွန်းကြောင်း အဖွဲ့ဝင် ၁၅ ပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်သည်။ ဇူလိုင် ၈ ရက် မှစ၍ ရေတွက်လျှင် သေဆုံးသူ ပါလက်စတိုင်း ၂၀,၀၀၀ ကျော်ရှိပြီ ဖြစ်သည်။

အပစ်ရပ်စဲရေး လုပ်ငန်းစဉ်က ဆုံးဖြတ်ချက်တစ်ရပ် မဖော်ဆောင်နိုင်သေးသော်လည်း အီဂျစ်ဦးဆောင် သည့် ငြိမ်းချမ်းရေး လမ်းစပျောက်သွားပါက ပို၍ခိုင်မာသည့် တုံ့ပြန်မှုများဆီ ဦးတည်လုပ်ဆောင်ရန်အသင့် ရှိမည်ဖြစ်ကြောင်း လုံခြုံရေးကောင်စီ အစည်းဝေးတွင် နိုင်ငံတကာ သံတမန်များက အရိပ်အမြွက် ပြောဆို သည်။

သို့သော်လည်း မရိုးဖြောင့်သည့် အစ္စရေး နှင့် အပစ်ရပ်ရေးကို စေ့စပ်ဆွေးနွေးရန် အားထုတ်မှုကို မျက် ကွယ်ပြုလိုက်ပြီ ဖြစ်ကြောင်း ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူ အဘူအိုအိုင်ဒါက ပြောသည်။

“နိုင်ငံတကာ လေကြောင်းလိုင်းတွေကိုလည်း သတိပေးထားပါတယ်။ နံနက် ၆ နာရီကစပြီး ဘင်ဂူရီယံ လေဆိပ် ကို မပျံသန်းတော့ဖို့ အလေးထား ပြောချင်တယ်” ဟု ၎င်းက ကြေညာထားသည်။

Mizzima - News in Burmese
အစ္စရေးနှင့် ပါလက်စတိုင်း အပစ်ရပ် ဆွေးနွေးပွဲများ ပျက်ပြက်သွားပြီးနောက်အစ်္စရေးနှင့်စစ်ပွဲများ ပိုမို ဖြစ်ပွားလာ မည် ဖြစ်သောကြောင့် နိုင် ငံခြားလေေ ကြာင်း လိုင်းများ အနေဖြင့် သြဂုတ် ၂၁ ရက်မှ စတင်ကာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ပျံသန်းခြင်းမပြုရန် ဟားမက်စ်တို့က သတိပေးလိုက်သည်ဟု သြဂုတ် ၂၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံအနောက်ပိုင်း မြေပြိုမှုတွင် သေဆုံးသူအရေအတွက် မြင့်တက် လာဖွယ်ရှိ

ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားမြို့စွန်တွင် သြဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့ သည့် မြေပြိုမှု တွင် သေဆုံးသူ ၃၉ ဦးသာ ရှိခဲ့သော်လည်း  ပျောက် ဆုံးနေသူ ၅၁ ဦး ထပ်မံစာရင်းရရှိထားသောကြောင့် သေဆုံးသူ အရေအတွက် ပိုမိုမြင့်တက် လာနိုင်ကြောင်း သိရသည်။

ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ဆွစ်ဇာလန်သို့ သွားရောက်သူဦးရေ မြင့်တက်လာ

Photo: ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ဆွစ်ဇာလန်သို့ သွားရောက်သူဦးရေ မြင့်တက်လာ
Friday, August 22, 2014

ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသား တစ်ဦး ဆွစ်ဇာလန်သို့ သွားရောက်ခဲ့သည့်ကိစ္စကို လေ့လာမှု တစ်ခုအရ အတည်ပြုနိုင်ပြီဖြစ်သည်ဟု သြဂုတ် ၂၁ ရက်က သည်တိုင်းအော့်ဖ် အိန္ဒိယသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

“ကာယကံရှင်၏ ဆန္ဒအလျောက် ညင်သာစွာ အသက်ဇီဝိန်ခြွေပေးရေး” ခရီးသွားကဏ္ဍနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် လေ့လာမှုအား ဗြိတိန်ရှိ သုတေသီ များက ပြုလုပ်ခဲ့ကြရာ ထိုလုပ်ငန်း၏ အလားအလာ မှာ စိုးရိမ်စရာကောင်းလောက်အောင် အလွန်မြင့်တက်လာခဲ့ ကြောင်း တွေ့ရှိခဲ့ကြသည်။

ကိုယ်တိုင်၏ အသက်ကို အဆုံးသတ်ပစ်ရေး ရည်ရွယ်ချက်ဖြင့် ဆွစ်ဇာလန်သို့ သွားကြသည့် ခရီးသည် အရေအတွက်မှာ လေးနှစ်အတွင်း တွင် နှစ်ဆခန့် မြင့် တက်လာခဲ့ကြောင်းနှင့် ရာခိုင်နှုန်းအရ အများဆုံး သွားကြသည့် နိုင်ငံသားများမှာ ဂျာမနီ နှင့် ဗြိတိန်တို့မှဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

ထိုကဲ့သို့ သွားရောက်ခဲ့ကြသူများထဲတွင် သွက်ချာပါဒ၊ မော်တာနူရုန်းရောဂါ (အာရုံကြောစနစ် ပျက်စီး သည့် ရောဂါတစ်မျိုး)၊ ပါကင်ဆန်ရောဂါ (Parkinson's )နှင့် ကိုယ်ခန္ဓာတစ်ရှူးများ တင်းမာသော ရောဂါ (sclerosis)တို့ကဲ့သို့သော အာရုံကြောရောဂါဆိုင်ရာ ဝေဒနာရှင်များက ထက်ဝက်နီးပါး ရှိနေကြောင်း တွေ့ရှိ ခဲ့ကြသည်။

ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှုကို ခံယူနိုင်ရေးအတွက် ခရီးသွားခဲ့ကြသူ ၂၀၀၈ ခုနှစ်တွင် ၁၂၃ ဦး ရှိခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ၁၇၂ ဦးအထိ မြင့်တက်လာခဲ့ သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံ ၃၁ ခုမှ နိုင်ငံသားများ ထိုကိစ္စအတွက် ဆွစ်ဇာလန်သို့ သွားခဲ့ကြကြောင်းနှင့် ထိုသူများထဲတွင် ဂျာမန် ၂၆၈ ဦး နှင့် ဗြိတိန် နိုင်ငံသား ၁၂၆ ဦးတို့ ပါဝင်နေရာ ထို နှစ်နိုင်ငံမှ သွားရောက်ကြသူများမှာ စုစုပေါင်း သွား ရောက်ကြသူများ၏ သုံးပုံ နှစ်ပုံနီးပါး ရှိနေကြောင်း လည်း သုတေသနက ဆိုသည်။

ထိုကိစ္စအတွက် အများဆုံး သွားရောက်ခဲ့ကြသည့် နိုင်ငံသားများထဲတွင် ပြင်သစ် ၆၆ ဦး၊ အီတလီ ၄၄ ဦး၊ အမေရိကန် ၂၁ ဦး၊ သြစတြေးလျ ၁၄ ဦး၊ ကနေဒါ ၁၂ ဦး၊ စပိန် ရှစ်ဦးနှင့် အစ္စရေး ရှစ်ဦးတို့ ပါဝင်သည်။

ထိုအချက်အလက်များအား ကြာသပတေးနေ့ နံနက်တွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ထိုစာရင်းအရ ဆိုလျှင် ၂၀၁၂ ခုနှစ်တွင် ဆွစ်ဇာလန်သို့ ထိုကိစ္စအ တွက် သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား တစ်ဦး လည်း ပါဝင်နေသည်။

ထိုခရီးသွားလုပ်ငန်း ဆွစ်ဇာလန်တွင် ဖြစ်ထွန်းနေခြင်းက၊ အခြားနိုင်ငံများတွင်လည်း ညင်သာစွာ သေဆုံး လိုသူများအား ကာယကံရှင်ဆန္ဒအလျောက် ကူညီ အဆုံးသတ်ပေးခွင့်နှင့် ပတ်သက်သည့် ဥပဒေများကို ပြောင်းလဲ
လာစေနိုင်ခြင်း ရှိ မရှိကိုလည်း အောက်စဖို့တက္ကသိုလ်က ပြုလုပ်ခဲ့သော သုတေသနတွင် လေ့ လာထားသည်။ အိန္ဒိယအပါအ၀င် နိုင်ငံအများအပြားတွင် ကာယကံရှင် ဆန္ဒအလျောက် ဘ၀အဆုံးသတ်မှု အား ကူညီပေးခွင့်ကို ပိတ်ပင်တားမြစ်ထားသော်လည်း ဆွစ်ဇာလန်တွင်မူ ထိုကိစ္စနှင့်ပတ်သက်၍ ဥပဒေ ဖြင့် ရှင်းလင်းစွာ ပြဋ္ဌာန်းထားခြင်းမျိုး မရှိပေ။

Mizzima - News in Burmese
ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသားတစ်ဦး ဆွစ်ဇာလန်သို့ သွားရောက်ခဲ့သည့် ကိစ္စကို လေ့လာမှုတစ်ခုအရ အတည်ပြုနိုင်ပြီဖြစ်သည်ဟု သြဂုတ် ၂၁ ရက်က သည်တိုင်းအော့်ဖ် အိန္ဒိယသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

MPU ကတ်အသုံးပြုသည့် POS စက် အလုံးရေ ၁ဝဝဝ ခန့် အင်တာနက်မရ၍ ခေတ္တရပ်ဆိုင်းထားရ

Photo: MPU ကတ်အသုံးပြုသည့် POS စက် အလုံးရေ ၁ဝဝဝ ခန့် အင်တာနက် မရ၍ ခေတ္တ ရပ်ဆိုင်းထားရ
Friday, August 22, 2014

Myanmar Payment Union (MPU) ကွန်ယက်တွင် ချိတ်ဆက်ထားသော ငွေပေးချေမှု လက်ခံသည့်စက် Point Of Sale (POS) စက်အလုံး တစ်ထောင်ခန့်ကို Internet Protocol (IP) လိုင်း မရသဖြင့် အသုံးပြုမှု ခေတ္တရပ်ဆိုင်းနေသည်ဟု MPU ကွန်ယက်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

MPU ကွန်ယက်မှ POS စက်များ အသုံးပြုရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်လိုင်း IP နှစ်ခုနှင့် ချိတ်ဆက်ထားပြီး IP တစ်ခုမှာ အသုံးပြု၍ မရခြင်းကြောင့် POS စက် အလုံးရေ ရှစ်ရာ မှ တစ်ထောင်ခန့် အတွင်း အသုံးပြု၍မရခြင်း ဖြစ်သည်ဟု ၎င်းင်းက ဆိုသည်။

ဦးဇော်လင်းထွဋ်က “ မြန်မာ့ဆက်သွယ်ရေးက အင်တာနက် Networkတွေ အသစ်ချိန်းလိုက်လို့ ခုလိုဖြစ်တာလို့ ပြောပါတယ်။ အဲဒါကြောင့် MPU ကွန်ယက်က ချိတ်ထားတဲ့ IP နှစ်ခုမှာ တစ်ခုက သုံးလို့ မရတော့ဘူး ဖြစ်သွားတယ်။ POS စက်လောက်ပဲ သုံးမရတာပါ။ ATM ကတော့ အသုံးပြုလို့ ရနေပါတယ်” ဟု ပြောသည်။

အဆိုပါ စက်များမှာ သြဂုတ်လ တတိယပတ်အတွင်း အသုံးပြု၍ မရတော့ခြင်းဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်း ပြန်လည်အသုံးပြုနိုင်ဖွယ် ရှိသည်ဟုလည်း ၎င်းင်းက ဆိုသည်။

CBဘဏ်၏ မန်နေဂျာ ဦးအုန်းသိန်းဦးက “ ATM နဲ့ POS တွေကို ဖိုင်ဘာ ကြိုးလိုင်းအပြင် အင်တာနက် 3G လိုင်းနဲ့ လည်း ကွန်ယက်ချိတ်ဆက်ပြီး အသုံးပြုနေတာပါ။ ခု ခေတ္တဆက်သွယ်မှု ပျက်နေတဲ့ စက်တွေကို မကြာခင် ပြန်သုံးနိုင်မှာပါ”ဟု ပြောသည်။

MPU ကွန်ယက်ကို ၂ဝ၁၁ ခုနှစ်က စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်နှင့် အစိုးရ စီးပွားရေးဘဏ် စုစုပေါင်း ၁၉ ဘဏ်တို့ ပါဝင်ဖွဲ့စည်းထားသည်။ သို့သော် လက်ရှိ MPU ကွန်ယက်တွင် ATM နှင့် POS စက်တပ်ဆင်ထားသော ဘဏ် ၁၄ ဘဏ်အထိသာ ရှိသည်။

Myanmar Payment Union ကွန်ယက်ရှိ ATM နှင့် POS စက်များတွင် MPU ကတ်များကို သာမက Visa ၊ Master ၊CUP Card (China Union Pay) ၊ JCB ကတ်စသည့် နိုင်ငံတကာ ငွေပေးချေမှုကတ်များကို လက်ခံ အသုံးပြုနေပြီ ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ MPU ကွန်ယက်ဝင်ဘဏ်ခွဲ အများစုတွင် ATM စက်များကို တပ်ဆင်ထားပြီး ATM စက်အလုံးရေ တစ်ထောင်ခန့်နှင့် POS စက်အလုံးရေ သုံးထောင်ခန့်အထိ အသုံးပြုနေသည်။

Mizzima - News in Burmese
Myanmar Payment Union (MPU) ကွန်ယက်တွင် ချိတ်ဆက်ထားသော ငွေပေးချေမှု လက်ခံသည့်စက် Point Of Sale (POS) စက်အလုံး တစ်ထောင်ခန့်ကို Internet Protocol (IP) လိုင်း မရသဖြင့် အသုံးပြုမှု ခေတ္တရပ်ဆိုင်းနေသည်ဟု MPU ကွန်ယက်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

အမှန်တကယ် တန်ဖိုးနည်းအိမ်ရာဖြစ်လာရေးအတွက် မြေရာအခက်အခဲရှိဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆို

Photo: အမှန်တကယ် တန်ဖိုးနည်းအိမ်ရာဖြစ်လာရေးအတွက် မြေရာအခက်အခဲရှိဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆို
Friday, August 22, 2014

မြန်မာနိုင်ငံ၏ ကျူးကျော်များကို ဖြေရှင်းရေးအတွက် ဈေးနှုန်းသက်သာသည့် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် လိုအပ်သည်ဟု ဆိုသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင်မူ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်မှာ မြေနေရာ အခက်အခဲကြီးမားနေခြင်းက ပြဿနာတစ်ရပ် ဖြစ်နေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများက သြဂုတ် ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကျူးကျော်များကို ဖြေရှင်းရန် ဥပဒေအရ အရေးယူရုံဖြင့် မပြီးဘဲ သက်သာသော ဈေးနှုန်းများဖြင့် တန်ဖိုးနည်း အိမ်ရာဆောက်လုပ်မည့် ပြည်သူ့အိုးအိမ်စီမံကိန်း  (Public Housing Project) များကို ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်ဟု နိုင်ငံတော် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေးကျင်းပစဉ် ပြောကြားခဲ့သည်ကို သြဂုတ် ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ဒဂုံစီးတီး အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည့် သုခရတနာဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးသောင်းထိုက်မင်းက “အဓိကက မြေ အခက်အခဲပါ။ အခြေခံလူတန်းစားတွေ လက်ထဲနေထိုင်ဖို့ အိမ်ရာတွေ ထည့်မယ်ဆိုရင် မြေကို ဈေးတစ်ခုအထိ လျှော့ချသတ်မှတ်ပြီး ပေးဖို့လိုတယ်။ ၀န်ကြီးဌာန အသီးသီးမှာလည်း လစ်လပ်မြေတွေ အများကြီးရှိတဲ့အတွက် အကောင်အထည်ဖော်ချင်တဲ့ ဆန္ဒပဲလိုတာပါ ” ဟုပြောသည်။

နိုင်ငံတော် ဒု-သမ္မတစိုင်းမောက်ခမ်းကမူ ထိုသို့ဆောင်ရွက်ရာတွင် Public Housing Project များကို ရန်ကုန်နှင့် မန္တလေးမြို့များကိုသာ ဦးစားပေးဆောင်ရွက်နေခြင်းမပြုဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေစသည့် မြို့ကြီးများတွင်လည်း ဆောင်ရွက်ပေးသွားရန်လိုမည်ဟု ထပ်မံပြောထားသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ အကောင်အထည်ဖော်လျက်ရှိသည့် တန်ဖိုးမျှတအိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ၏ ကနဦးရောင်းဈေးသည်ပင် ငွေကျပ်သိန်း ၁၅၀ နှင့် အထက် ဈေးများရှိနေပြီး တစ်ဆင့်ခံ ရောင်းဈေးများဆိုပါက ကျပ်သိန်း ၃၀၀ မှ အထက်ရှိနေသည်။ အဆိုပါ အခြေအနေများမှာ မြေဈေးအပါအ၀င် ဆောက်လုပ်ရေးကုန်ကျစရိတ်များကြောင့် အများလက်လှမ်းမီသည့် ဈေးသို့ မရောက်နိုင်ဘဲဖြစ်နေသည်ဟု ၎င်းတို့က ပြောသည်။

တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်လျက်ရှိသည့် တော်ဝင်မိသားစု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက “ဒါက ဈေးကွက်ဝယ်လိုအားအတိုင်း သွားတာဖြစ်တော့ ထိန်းလို့ မရဘူး။ ကျပ် သိန်း ၅၀ လောက်နဲ့နေဖို့ အဆင်ပြေတဲ့ ဒီဇိုင်းတွေလည်း ဆွဲထားတာရှိတယ်။ ဒါပေမဲ့ မြေက စကားပြောတယ်။ အစိုးရက တကယ် အခြေခံလူတန်းစားတွေကို အိမ်ရာ အတည်တကျနေစေချင်တယ်ဆိုရင်တော့ ဖြစ်လာမှာပဲ။ အစိုးရမပါဘဲနဲ့တော့ မရနိုင်ဘူး”ဟု မေလအတွင်းက ဆောင်ရွက်ခဲ့သည့် ကျောင်းပေးအပ်လှူဒါန်းပွဲတွင် မဇ်္ဈိမကို ပြောထားသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဗိုလ်ဗထူးလမ်းရှိ တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း ကို ဇူလိုင်လ ၂၂ ရက်က တွေ့ရစဉ်။ အစိုးရက တန်ဖိုးနည်းအိမ်ရာများ ဆောက် လုပ်ပေးနေ သည်ဟု ဆိုသော်လည်း ယနေ့ချိန်ထိ အောက်ခြေလူတန်းစားနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။
 ဓာတ်ပုံ-ဟိန်းထက်
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဗိုလ်ဗထူးလမ်းရှိ တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၂ ရက်က တွေ့ရစဉ်။အစိုးရကတန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ပေးနေသည်ဟုဆိုသော်လည်း ယနေ့ချိန်ထိ အောက်ခြေလူတန်းစားနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ဓာတ်ပုံဟိန်းထက်
မြန်မာနိုင်ငံ၏ ကျူးကျော်များကို ဖြေရှင်းရေးအတွက် ဈေးနှုန်းသက်သာသည့် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် လိုအပ်သည်ဟု ဆိုသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင်မူ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်မှာ မြေနေရာ အခက်အခဲကြီးမားနေခြင်းက ပြဿနာတစ်ရပ် ဖြစ်နေ သည် ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများက သြဂုတ် ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ သစ်တန်ချိန် နှစ်ထောင်ကျော် ထပ်မံရောင်းချပေးမည်

Photo: သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ သစ်တန်ချိန် နှစ်ထောင်ကျော် ထပ်မံရောင်းချပေးမည်
Friday, August 22, 2014

သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ သစ်မာသစ်လုံး ၁,၆၄၆ လုံး (၂,၁၇၂ ဒသမ ၃၃၂ တန်)ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လာမည့် ၂၈ ရက်တွင် ရောင်းချပေးသွားမည်ဖြစ်သည်ဟု မြန်မာ့သစ်လုပ်ငန်း အိတ်ဖွင့်တင်ဒါကျင်းပရေး ကော်မတီက ၂၂ ရက်က ထုတ်ပြန်သည်။

မြန်မာ့သစ်လုပ်ငန်း သစ်တောထွက်ပစ္စည်းဖက်စပ် ကော်ပိုရေး ရှင်းလီမိတက် ပြည် ပရောင်း ဌာန ခေတ္တအထွေထွေမန်နေဂျာ ဦးစိုးမိုးဝင်းက “ ပြည်ပသစ်လုံးတင်ပို့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် ကိုယ့်တိုင်းရင်းသား လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာဖြစ်ဖို့ရယ်၊ သစ်အခြေခံစက်မှုလုပ်ငန်းတွေ တိုးတက်ဖို့နဲ့ သစ်ပရိဘောဂလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ကို ရည်ရွယ်ပြီးရောင်းချပေးတာပါ ”ဟု ဆိုသည်။

တင်ဒါလျှောက်လွှာအတွက် ပုံစံကြေးအဖြစ် ကျပ်တစ်သောင်းသတ်မှတ်ထားပြီး သမာဓိအာမခံအတွက် ကျပ် ၂၅ သိန်း သတ်မှတ်ထားသည်ဟု ယင်းကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

သစ်လုံးဝယ်ယူမှုကို ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ကျပ်ငွေသာမက နိုင်ငံခြားငွေဖြင့်ပါ ရောင်းချပေးသွားမည်ဖြစ်ပြီး ကြို့ကုန်းသစ်တောဝင်း (အင်းစိန်)ရုံး၌ ယခုလ၂၈ ရက်တွင် ရောင်းချပေးသွားမည်။

သြဂုတ်လ ၁၁ ရက်ကလည်း ကျွန်းသစ် တန်ချိန် ၁,၅၄၀ ၊ အခြားသစ်အမျိုးအစား သစ်တန်ချိန် ၁၄,၈၃၃၊ သစ်ခွဲသားတန်ချိန် ၁,၅၈၅ တို့ကို မြန်မာ့သစ်လုပ်ငန်းမှ ရောင်းချသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိဘဏ္ဍာနှစ်တွင် ကျွန်းသစ်၊ သစ်မာနှင့် သစ်ခွဲသား တန်ချိန်ပေါင်း သုံးသောင်းကျော် ရောင်းချခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်နှင့် ကျပ်ငွေ ၁၁ ဘီလီယံ ၀င်ငွေရရှိခဲ့သည်။

Mizzima - News in Burmese
သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ သစ်မာသစ်လုံး ၁,၆၄၆ လုံး (၂,၁၇၂ ဒသမ ၃၃၂ တန်)ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လာမည့် ၂၈ ရက်တွင် ရောင်းချပေးသွားမည်ဖြစ်သည်ဟု မြန်မာ့သစ်လုပ်ငန်းအိတ်ဖွင့်တင်ဒါကျင်းပရေး ကော်မတီက ၂၂ ရက်ကထုတ်ပြန် သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားခွင်၌ နှလုံးရောဂါဖောက်လာ၍ စစ်ဆေးမှု ချက်ချင်းရပ်ဆိုင်းခဲ့ရ

Photo: သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားခွင်၌ နှလုံးရောဂါဖောက်လာ၍ စစ်ဆေးမှု ချက်ချင်းရပ်ဆိုင်းခဲ့ရ
Friday, August 22, 2014

လေးရက်အတွင်း ရုံးချိန်းနှစ်ကြိမ်ဆက် စစ်ဆေးခံရသော သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် သြဂုတ်လ ၂၂ ရက် ဒဿ     မအကြိမ် ရုံးထုတ်စစ်ဆေးစဉ် တရားခွင်၌ အသက်ရှုမွန်းကြပ်လာသဖြင့် စစ်ဆေးမှု ချက်ခြင်းရပ်ဆိုင်းခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဆိုသည်။

ဦးဆန်းဆင့်၏ ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ဦးတင်ထွန်းက “ဒီကနေ့ နေ့လည် ၁၁း၅၅ နာရီလောက်မှာ အန်ကယ်တို့ဘက်က Cross လုပ်ဖို့ အချိန်မှာ ဝန်ကြီးက အသက်ရှုကြပ်ပြီး နေလို့မရတော့ဘူး” ဟု မဇ္ဈိမကို အတည်ပြု ဖြေကြားသည်။

ပုဒ်မ ၁၂၄(က) အတွက် လိုပြသက်သေအဖြစ် သာသနာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဆွေ (ဘဏ္ဍာရေးဌာန) အား စစ်ဆေးနေစဉ် ဦးဆန်းဆင့်၏ ရှေ့နေများမှ ပြန်လည် ချေပရန် အချိန်၌ ဦးဆန်းဆင့်မှာ တရားခွင်တွင် ဆက်လက်နေနိုင်ရန် မဖြစ်နိုင်တော့သဖြင့် တရားသူကြီးက နားနေခန်း စီစဉ် ပေးခဲ့ရသည်။

ယင်းကဲ့သို့ တရားသူကြီးမှ နားနေခန်းစီစဉ်ပေးခဲ့သော်လည်း “ဒါပေမယ့် မထိုင်နိုင်တော့ဘူး၊ လဲလှောင်းနေရတယ်၊ အဲ့ဒီအချိန်မှာပဲ ကုတင် တစ်ထောင်က ပရော်ဖက်ဆာ နှစ်ယောက်လာတယ်၊ ဆေးဝါး ကုသမှုပေးတယ်” ဟု ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၁ဝရက်ကလည်း ဦးဆန်းဆင့်ကို ဒက္ခိဏခရိုင်တရားရုံး၌ ခုနှစ်ကြိမ်မြောက် ရုံးထုတ်မစစ်ဆေးမီ ရမည်းသင်းအကျဉ်းထောင်တွင် အသက်ရှုမဝသဖြင့် အောက်ဆီဂျင်ပေးခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဆိုသည်။

ဦးဆန်းဆင့်၏ ကျန်းမာရေးအခြေအနေသည် အထူးစောင့်ရှောက်ရန်လိုအပ်သည့်အတွက် ပဉ္စမအကြိမ်ရုံးချိန်း၌ ရှေ့နေမှတဆင့် ကျန်းမာရေးအာမခံလျှောက်ထားသော်လည်း ဒက္ခိဏခရိုင်တရားရုံးက ပယ်ချခဲ့သည်။

Mizzima - News in Burmese
လေးရက်အတွင်း ရုံးချိန်းနှစ်ကြိမ်ဆက် စစ်ဆေးခံရသော သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် သြဂုတ်လ ၂၂ ရက် ဒဿ     မအကြိမ် ရုံးထုတ်စစ်ဆေးစဉ် တရားခွင်၌ အသက်ရှုမွန်းကြပ်လာသဖြင့် စစ်ဆေးမှု ချက်ခြင်းရပ်ဆိုင်းခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဆိုသည်။

MH17 ပျက်ကျမှုမှ ပထမအသုတ် ရုပ်အလောင်း(၂၀) မလေးရှားသို့ ပြန် လည်ရောက် ရှိ



Photo: MH17 ပျက်ကျမှုမှ ပထမအသုတ် ရုပ်အလောင်း(၂၀) မလေးရှားသို့ ပြန် လည်ရောက် ရှိ
Friday, August 22, 2014

MH17 လေယာဉ် ပျက်ကျမှုတွင် သေဆုံးခဲ့သည့် မလေးရှား နိုင်ငံသားများ အနက် ပထမအသုတ်အဖြစ် လူ(၂၀)၏ အလောင်းများ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာပြီး မလေးရှား အစိုးရက ထိုနေ့ကို နိုင်ငံလုံးဆိုင်ရာ ပူဆွေးဝမ်းနည်းမှု နေ့ တစ်နေ့ အဖြစ် သတ်မှတ် ကြေညာခဲ့သည်။

မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်သည် ဇူလိုင်(၁၇)ရက်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျံသန်းနေစဉ် ဒုံးကျည်ဖြင့် မှားယွင်းပစ်ချခံရ သည်ဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ (၂၉၈)ဦး စလုံး အသက်ဆုံးရှုံးခဲ့သည်။ မလေးရှား နိုင်ငံသား (၂၀)တို့၏ ရုပ်အလောင်းများ ကို တင်ဆောင်လာသော လေယာဉ်သည် အမ်စတာဒမ်မှ စတင်ထွက်ခွာလာပြီး ဩဂုတ်(၂၂)ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူရှိ နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။

လေယာဉ်ပေါ်မှ ခေါင်းတလားများကို စစ်မှုထမ်းများက တလေးတစား လက်ခံ သယ်ယူခဲ့ပြီး တစ်နိုင်ငံလုံးတွင်လည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် နိုင်ငံတော် အလံများကို တိုင်တစ်ဝက် လွှင့်ထူထားသည်။ ထို့အပြင် MH17 ပျက်ကျမှုကြောင့် သေဆုံးခဲ့သူများအတွက် တစ်မိနစ်ကြာ ငြိမ်သက်ပြီး ဝမ်းနည်းကြောင်း သင်္ကေတ ပြသမှုကိုလည်း စီစဉ်ထားခဲ့သည်။

Boeing 777 အမျိုးအစား လေယာဉ်သည် ယူကရိန်း သူပုန်များက အစိုးရ စစ်ဘက်လေယာဉ်တစ်စီးဟု အထင်မှားကာ ပစ်ချခံရခြင်းဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ယူကရိန်း သူပုန်များက ယင်းစွပ်စွဲချက်ကို ငြင်းဆန်ထားပြီး လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို အခိုင်အမာ မဖော်ထုတ်နိုင်သေးချေ။

ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာချိန်တွင် အလောင်းသယ်လာသည့် ခေါင်းတလားအားလုံးကို မလေးရှားအလံများ လွှမ်းခြုံပေးထားသည်ကို တွေ့ရသည်။ အလောင်း(၂၀)အနက် (၃)လောင်းကို နယ်သာလန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာများကိုသာ ပြန်လည် သယ်ဆောင်လာခြင်း ဖြစ်သည်။ ရုပ်အလောင်း အားလုံးကို သက်ဆိုင်ရာ မိဘဆွေမျိုးများထံ ပေးအပ်ပြီး ဈာပနအတွက် ပြင်ဆင်ခွင့် ပေးသွားမည်ဟု ဆိုသည်။

မလေးရှား အစိုးရသည် ဩဂုတ်(၂၁)ရက်နေ့တွင် အဆိုပါ ရုပ်အလောင်းများ မည်သူမည်ဝါ ဖြစ်သည်ကို ကြိုတင်ကြေညာထားခဲ့ပြီး လေယာဉ်အမှုထမ်း (၉)ဦးနှင့် ခရီးသည် (၁၁)ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

Ref: Channelnewsasia
7Day DAILY 

Photo - BBC
Photo - BBC
MH17 လေယာဉ် ပျက်ကျမှုတွင် သေဆုံးခဲ့သည့် မလေးရှား နိုင်ငံသားများ အနက် ပထမအသုတ်အဖြစ် လူ(၂၀)၏ အလောင်းများ မိခင်နိုင်ငံ သို့ ပြန်လည် ရောက်ရှိ လာပြီး မလေးရှား အစိုးရက ထိုနေ့ကို နိုင်ငံလုံးဆိုင်ရာ ပူဆွေးဝမ်းနည်းမှု နေ့ တစ်နေ့ အဖြစ် သတ်မှတ် ကြေညာခဲ့ သည်။

တပ်မှူးသုံးဦး သေဆုံးမှုအတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု ဟားမားစ် အဖွဲ့ခြိမ်းခြောက်

Photo: တပ်မှူးသုံးဦး သေဆုံးမှုအတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု ဟားမားစ် အဖွဲ့ခြိမ်းခြောက်
Friday, August 22, 2014

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း မိမိတို့၏ တပ်မှူးသုံးဦး သေဆုံး သွားမှုအတွက် လက်တုံ့ပြန်မည်ဟု ဟားမားစ်တို့က ခြိမ်းခြောက်လိုက်သည်။

ဩဂုတ်(၂၁)ရက်က အစ္စရေးလေတပ် တိုက်လေယာဉ်များသည် ဂါဇာ ကမ်းမြှောင် ဒေသ တောင်ပိုင်းရှိ ရာဖာကို ဗုံးကြဲခဲ့ရာ ဟားမားစ်တို့၏ အယ်လ်ကွာဆမ် တပ်ဖွဲ့ခွဲမှ ခေါင်းဆောင်ပိုင်းအဆင့်ရှိသူ သုံးဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။ အယ်လ်ကွာဆမ် တပ်ဖွဲ့က အဆိုပါ ဖြစ်ရပ်အတွက် အစ္စရေး အနေဖြင့် ပေးဆပ်ရမည်ဟု ဆိုသည်။

“ကျုပ်တို့ရဲ့ ခုခံတိုက်ခိုက်မှု အောင်လံကို အကျဆုံးခံမှာ မဟုတ်ဘူးလို့ ကတိပေး တယ်။ ခေါင်းဆောင်သုံးဦးဟာ ညီအစ်ကိုတော်တွေနဲ့အတူ သူတို့ရဲ့သွေးကို ဂါဇာပြည်သူတွေအတွက် စတေးခံခဲ့တယ်။ ခေါင်းဆောင်တွေကို သတ်ပစ်ရုံနဲ့ ကျုပ်တို့ရဲ့ ခွန်အားကို ယုတ်လျော့သွားအောင် မလုပ်နိုင်ဘူး”ဟု သတင်းဌာန များထံသို့ အယ်လ်ကွာဆမ် အဖွဲ့က အီးမေးလ် ပေးပို့ခဲ့သည်။

ထို့အပြင် “ကျုပ်တို့ခေါင်းဆောင်တွေ သေဆုံးသွားခြင်းဟာ ကျုပ်တို့ကို ပိုပြီး ခွန်အားတိုးပွားလာစေတယ်။ ရန်သူတွေဟာ ဒီရာဇဝတ်မှု အပါအဝင် ကျုပ်တို့ပြည်သူတွေကို ဖိစီးခြိမ်းခြောက်ခဲ့သမျှ လုပ်ရပ်အားလုံးအတွက် အရမ်းကြီးမားတဲ့ တန်ဖိုးမျိုး ပေးဆပ်ရစေမယ်”ဟုလည်း အစ္စရေးကို ရည်ရွယ်ကာ ခြိမ်းခြောက်ထားခဲ့ကြောင်း သိရသည်။

အယ်လ်ကွာဆမ် တပ်ဖွဲ့က ရာဖာရှိ နေအိမ်တစ်လုံး ဗုံးကြဲခံရမှုတွင် တပ်မှူး အဆင့် ရှိ မိုဟာမက် အဘူရှာမယ်လာ၊ ရေ့ဒ်အယ်လ်အတ္တာနှင့် မိုဟာမက် ဘာဟွမ်းတို့ သေဆုံးခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ဩဂုတ်(၂၁)ရက် ဗုံးကြဲမှုတွင် အရပ်သားများ အပါအဝင် ပါလက်စတိုင်း (၂၇)ဦး သေဆုံးပြီး (၂၅)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

Ref: Xinhua
7Day DAILY 

ဂါဇာကမ်းမြှောင်ဒေသအနီး တပ်စွဲထားသည့် အစ္စရေးတင့်ကားများ Photo - BBC
ဂါဇာကမ်းမြှောင်ဒေသအနီး တပ်စွဲထားသည့် အစ္စရေးတင့်ကားများ Photo - BBC
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း မိမိတို့၏ တပ်မှူးသုံးဦး သေဆုံး သွားမှုအတွက် လက်တုံ့ပြန်မည်ဟု ဟားမားစ်တို့က ခြိမ်းခြောက် လိုက်သည်။