Wednesday, July 22, 2015

တရုတ်၏ အယုံကြည်လွန်၍ အဓမ္မဆန်သော အပြုအမူများကို ဂျပန်သတိပေး


အရှေ့တရုတ်ပင်လယ်တွင် တရုတ်၏ အယုံကြည်လွန်ပြီး အဓမ္မဆန်သော အပြုအမူများသည် ဂျပန်၏ လုံခြုံရေးအတွက် ကြီးမားသောခြိမ်းခြောက်မှုများတွင် ပါဝင်နေသည်ဟု ဂျပန်က ပြောကြားလိုက်သည်။ ဂျပန်၏ စစ်ရေးကဏ္ဍကို ချဲ့ထွင်ရန် ရည်ရွယ်သော အငြင်းပွားဖွယ် ဆောင်ရွက်ချက်များစွာကို ဂျပန်ဝန်ကြီးချုပ်က လုပ်ဆောင်နေစဉ် ယင်းသို့သတိပေး လိုက်ခြင်းဖြစ်သည်။ဇူလိုင် ၂၁က ထုတ်ပြန်ခဲ့သော နှစ်စဉ်ကာကွယ်ရေးသုံးသပ်ချက်တွင် တရုတ်က အရှေ့တရုတ်ပင်လယ်တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့သိုက်များရှာဖွေမှုနှင့် ဂျပန်ကထိန်းချုပ်ထားသော ကျွန်းများအနီး တရုတ်ကစစ်ရေးတည်ရှိမှုမြင့်တင်နေမှုအပေါ် ဂျပန်ကာ ကွယ်ရေးဝန်ကြီးဋ္ဌာနက တရုတ်ကို ပြင်းထန်စွာဝေဖန်ခဲ့သည်။

FUP က ရန်ကုန်တိုင်းရှိပြည်ထောင်စု မဲဆန္ဒနယ်များကို အဓိထား ယှဉ်ပြိုင်မည်

ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) က ရန်ကုန်တိုင်းအတွင်းရှိ ပြည်ထောင်စု မဲဆန္ဒနယ် များဖြစ်သည့် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များကို အဓိကထားယှဉ်ပြိုင်မည်ဟု ပါတီဒုဥက္ကဌ ၂ ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။

၎င်းက"ရန်ကုန်ကိုအဓိထားပြိုင်မယ်၊ မြို့တွင်း ၁၅မြို့နယ်က ပြည်သူ့၊ အမျိုးသား လွှတ်တော်တွေ ကိုဝင်မယ်။ လှိုင်သာယာ ၊ရွှေပြည်သာတော့ မပါသေးဘူး။ ဧရာဝတီ၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ မွန်နဲ့ ရှမ်းကတော့ နည်းနည်းပဲပြိုင်ဖို့လျာထားတယ်" ဟု ဆိုသည်။
FUP ပါတီသည် တိုင်းရင်းသားပါတီ၂၀ကျော်မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းကာ ရန်ကုန် အပါအ၀င် တိုင်းဒေသကြီး အများစုကို အဓိကထားဝင်ရောက်ရန် လျာထားခြင်းလည်းဖြစ်သည်။

တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines က ဒေါ်လာ နှစ်ဘီလျံကျော်တန်ဘိုးရှိ အဲဘတ်စ်လေယာဉ် ၂၁ စင်းဝယ်ယူမည်

ပြည်တွင်းပြည်ပလေကြောင်းခရီးသွားလာမှု မြင့်မားလာသည့်အတွက် တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines သည် ယွမ် ၁၂ဒသမ၄၅ဘီလျံ(ဒေါ်လာ ၂ဒသမ၀၄ဘီလျံ) တန်ဘိုးရှိ အဲဘတ်စ် A320 လေယာဉ် ၂၁ စင်းဝယ်ယူရန် စီစဉ်ထားသည်ဟု ယင်းလေကြောင်းလိုင်းက ပြောကြားခဲ့သည်။
ထိုင်ခုံများကြား လူသွားလမ်းတစ်ခုပါ A320 လေယာဉ်၏ လက်လီဈေးမှာ ဒေါ်လာ ၉၇ သန်းရှိသည်ဟု အဲဘတ်စ်က ပြောသည်။
တရုတ်၏ ပြည်တွင်းနိုင်ငံတကာ လေကြောင်းခရီးသွားလာမှုမှာ မှန်မှန်ကြီးထွားနေသည်ဟု Spring က ကြေညာချက်တစ်ခု တွင်ဖော်ပြခဲ့သည်။
ကုမ္ပဏီသည် ၄င်း၏ လေကြောင်းသယ်ယူပို့ဆောင်မှုစွမ်းရည်မြင့်မားလာရန် လေယာဉ်စီးရေကို တိုးချဲ့ရန်ရည်ရွယ်သည်ဟု လည်းဖော်ပြသည်။

ကော်မရှင်၊ ပါတီ၊ ထွေအုပ်တို့ပါသည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဖြင့် အငြင်းပွားမှုများ ဖြေရှင်းမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ဝင်များ ပါဝင်သည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းကာ စည်းရုံးရေးကာလ အငြင်းပွားမှုများကို ဖြေရှင်းမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောသည်။

၎င်းက "ပြိုင်ဆိုင်မှု ပြင်းထန်လာရင် ပြဿနာတွေပေါ်လာနိုင်တယ်။ ဒါတွေကိုငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ကော်မတီဖွဲ့တာ အဲဒီမှာပြီးအောင်ရှင်းပေါ့၊ မပြီးရင်တော့ သက်ဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဆက်လုပ် ချင်ရင်လည်း ဆက်လုပ်လို့ရတယ်။ အဲဒီအဆင့်ကို မရောက်ခင်ပြီးပြတ် အောင်အဓိက ရည်ရွယ်တယ်" ဟု ဆိုသည်။

မဲဆွယ်စည်းရုံးရေး ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေးကို နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဇူလိုင်လ ၂၁ရက်၊ ရန်ကုန်မြို့ PARK ROYAL ဟိုတယ်တွင်တွေ့ဆုံရာတွင် သဘောတူညီခဲ့ခြင်းလည်းဖြစ်သည်။ ယင်းတွေ့ဆုံမှုသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စတင်ဖွဲ့စည်း ခဲ့သည့် ၂၀၁၂ခုနှစ် သြဂုတ်လမှစတင်ကာ ခုနစ်ကြိမ်မြောက်တွေ့ဆုံမှုလည်းဖြစ်သည်။

မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်သို့ ကိုယ်စားလှယ်လောင်း တင်သွင်းသည့် ပုံစံများ လာရောက်ထုတ်ယူမှု မရှိသေး

၂၀၁၅ ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင် ၂၀ ရက်က စတင် တင်သွင်းနိုင်ပြီ ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်သို့ ဇူလိုင် ၂၁ ရက် ညနေပိုင်း အထိ မည်သည့်ပါတီမှ ပုံစံ လာရောက် ထုတ်ယူခြင်း မရှိဟု တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
၎င်းက “ဒီနေ့အထိ ပုံစံတောင် လာမထုတ်ကြသေးဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ တင်ကြဦး မယ်မထင်ပါဘူး။ ပုံစံလာယူပြီးရင်လည်း စပေါ်တင်တာတွေ လုပ်ရပါဦးမယ်။ ပါတီတွေ အနေတော့ ကိုယ်စားလှယ်လောင်း တင်တာတွေကို စုပြုံပြီးတော့ တက်လာကြလိမ့်ထင်တယ်။"ဟု ပြောသည်။

ပြည်သူ၏ ယုံကြည်မှုရစေရန် တပ်မတော်ပိုင် မီဒီယာများမှတဆင့် ဆောင်ရွက်နေ

တပ်မတော်၏ အခြေအနေအားလုံးကို ပြည်သူများ ပိုမိုသိရှိစေပြီး ပြည်သူ၏ ယုံကြည်မှုရရှိစေရန် တပ်မတော်ပိုင် မီဒီယာများမှတဆင့် ဆောင်ရွက်နေကြောင်း တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်၏ လုပ်ဆောင်ချက်များကို ပြည်သူသိစေရန် ဆောင်ရွက်ပေးနေခြင်းသည်ပင် တပ်မတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတရပ်ဖြစ်သည်ဟု ဘီဘီစီအသံလွှင့်ဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ Social Network ကနေပြီးတော့ တင်ပြသလို မြ၀တီသတင်းဌာနရှိတယ်၊ မြ၀တီသတင်းစာရှိတယ်၊ မြ၀တီရုပ်မြင်သံကြားရှိတယ်။ ကျွန်တော်တို့ရဲ့ မီဒီယာကနေပြီးတော့ ပြည်သူသိအောင်လို့ လုပ်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း မီဒီယာတွေနဲ့ ထိတွေ့မှုအများကြီးလုပ်တယ်။ အရင်ကတော့ သတင်းစာရှင်းလင်းပွဲလေး၊ ဘာလေးတော့ လုပ်တာပဲရှိပါတယ်။ သို့သော်လည်း တစ်ဦးချင်းရဲ့ ထိတွေ့မှုဆိုတာ အင်မတန်နည်းပါတယ်။ ကျွန်တော့်လက်ထက် မှာတော့ ကျွန်တော်မီဒီယာတွေနဲ့ အကုန်တွေ့တယ်။ မီဒီယာအဖွဲ့တွေ ဆို ၃ ကြိမ်လောက် တွေ့ခဲ့ပြီးဖြစ်သလိုပဲ တစ်ခြားတွေ့သင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း အများကြီး တွေ့ခဲ့ပြီး ဖြစ်ပါတယ်။" ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

အခြေခံမဲစာရင်း ၃၁သန်းကျော်ထိ ရရှိထားပြီ

အခြေခံမဲစာရင်း ၃၁သန်းကျော်ထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ဗဟိုအချက်အလက် သိုမှီးရာ(ဆာဗာ) သို့ရောက်ရှိနေပြီဟု ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောကိုသည်။
ယင်းအခြေခံမဲစာရင်းများကို သြဂုတ်လ ၂၃ရက်တွင် မြန်မာတစ်နိုင်ငံလုံးတွင် ၁၄ရက်ကြာ ထုန်ပြန် ပြသပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံပြင်ရေး ဆန္ဒခံယူပွဲ ပူးတွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင် လက်မခံ

နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲအား ပူးတွဲကျင်းပရန် ဆန္ဒရှိနေသည့် သူရဦးရွှေမန်း၏ အကြောင်းကြားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇူလိုင် ၁၆ ရက် ရက်စွဲဖြင့် အကြောင်းပြန်၍ ငြင်းဆိုလိုက်သည်။

အချိန်၊ လုပ်အားနှင့် ငွေကြေးကုန်ကျမှု သက်သာစေရန် အထွေထွေရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ပူးတွဲကျင်းပရန် ယခုလဆန်းပိုင်းက သူရဦးရွှေမန်း၏ အကြောင်းကြားမှုအပေါ် ကော်မရှင်က ငြင်းပယ်လိုက်ခြင်းဖြစ်သည်။