Wednesday, March 30, 2016

အစိုးရသစ်လက်ထက်တွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဥပဒေများကို ဦးစားပေးလုပ်ရန် အလုပ်သမားအဖွဲ့များဆို

အစိုးရသစ်လက်ထက်တွင် အလုပ်သမားရေးရာကိစ္စနှင့်ပတ်သက်၍ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရှာဖွေပေးရေးနှင့် ဥပဒေများထိရောက်စွာကိုင်တွယ် ကျင့်သုံးပေးရေးတို့ကို ဦးစားပေးဆောင်ရွက်သင့်သည်ဟု အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်အချို့က အကြံပြုသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားအရေးကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သည့် အကြောင်းအရာများစွာရှိနေသော်လည်း အလုပ်အကိုင်အခွင့်အလမ်း ပေါများလာပါက ပြဿနာအများစုမှာ ပြေလည်သွားနိုင်၍ ဦးစားပေးလုပ်ငန်းအဖြစ် ထည့်သွင်းခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICSTUSF) ဒုတိယဥက္ကဋ္ဌ ဦးနော်အောင်က ပြောသည်။
‘‘အလုပ်အကိုင်ပေါရင် အလုပ်သမားတွေအနေနဲ့ ရွေးချယ်စရာပိုရလာမယ်။ ဝင်ငွေပိုင်းအနေနဲ့လည်း တိုးလာမယ်။ ဒါဆိုရင် အငြင်းပွားမှုပြဿနာတွေက အထိုက်အလျောက်တော့ ကျသွားမှာပါ’’ ဟု ၎င်းက ပြောသည်။
ထို့အပြင် ပြဋ္ဌာန်းထားပြီးဖြစ်သော အလုပ်သမားဥပဒေများ လက်တွေ့ကျကျ ကျင့်သုံးမှုအားနည်းခဲ့ခြင်းအပေါ် အစိုးရသစ်လက်ထက်တွင် ပြောင်းလဲရန် လိုအပ်သည်ဟု အလုပ်သမားခေါင်းဆောင်များက ပြောသည်။အလုပ်သမားဥပဒေများကို နိုင်ငံတကာစံနှုန်းဖြင့် နှိုင်းယှဉ်ရေးသားခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ်ကျင့်သုံးခြင်းမရှိရန် ဥပဒေ၏အသုံးဝင်မှုကို ရရှိခံစားနိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။

‘‘အလုပ်သမားဥပဒေတွေက ကောင်းပါတယ်။ ဒါပေမဲ့ အသက်ဝင်မှုအားနည်းတော့ ဥပဒေက စာအုပ်ထဲကစာအဖြစ်ပဲ ရှိနေတယ်။ တရားဥပဒေစိုးမိုးရေးကို အဓိကကိုင်တွယ်သင့်တယ်။ ဥပဒေရဲ့ အကာအကွယ်ကို အစိုးရသစ်လက်ထက်မှာ အလုပ်သမားတွေရရှိခံစားဖို့ မျှော်လင့်တယ်’’ ဟု အထည်ချုပ်စက်ရုံလုပ်သားခေါင်းဆောင် ကိုသက်အောင်ကိုက ပြောသည်။
အစိုးရသစ်လက်ထက်တွင် အလုပ်သမားဝန်ကြီးဌာနကို ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဆွေက ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်သည်။ဝန်ကြီးအသစ်လက်ထက်တွင် မူဝါဒကိုမည်သို့ချမှတ် အကောင်အထည်ဖော်မည်ဟု ထုတ်ဖော်ပြောကြားထားခြင်းမရှိသေး၍ လုပ်ဆောင်ချက်များကိုသာ စောင့်ကြည့်သွားရမည်ဟု အလုပ်သမားအဖွဲ့များက ပြောသည်။
7Day Daily

No comments:

Post a Comment