Friday, March 25, 2016

ဖမ်းဆီးထားသည့် မြောက်ကိုရီးယားပိုင်သင်္ဘောကို ဖိလစ်ပိုင် ပြန်လွှတ်ပေး

ကုလသမဂ္ဂက ပိတ်ပင်ထားသည့်စာရင်းမှ ဖယ်ရှားခံလိုက်ရပြီးနောက် ကြားဖြတ်ဖမ်းဆီးထားသည့် မြောက်ကိုရီးယားပိုင် သင်္ဘောတစ်စီးကို ဖိလစ်ပိုင်အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
လွန်ခဲ့သည့် တစ်လခန့်က ကုလသမဂ္ဂအနေဖြင့် မြောက်ကိုရီးယားအပေါ် တင်းကျပ်စွာပိတ်ပင်မှုများ ပြဋ္ဌာန်းလိုက်ပြီးနောက် မြောက်ကိုရီးယားကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သောသင်္ဘောများကို အဟန့်အတားမရှိ စစ်ဆေးပိုင်ခွင့်ကိုပါ ထည့်သွင်းသတ်မှတ်ခဲ့သည်။ ဖိလစ်ပိုင်က ကုလသမဂ္ဂ၏ ထောက်ခံမှုဖြင့် အဆိုပါကုမ္ပဏီပိုင် သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့သော်လည်း တရားမဝင်ကုန်စည်များ လုံးဝတင်ဆောင်လာမှုမရှိသည့်အတွက် မတ် ၂၄ ရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း တာဝန်ရှိသူများက ကြေညာခဲ့သည်။
တန်ချိန် ၇၀၀၀ နီးပါး တင်ဆောင်နိုင်သည့် Jin Teng ကုန်တင်သင်္ဘောနှင့် မြောက်ကိုရီးယားအမှုထမ်း ၂၁ ဦးကို ဖိလစ်ပိုင် တာဝန်ရှိသူများက စစ်ဆေးခဲ့သည်။ ထို့နောက်တွင်မူ လူဝင်မှု၊ အကောက်ခွန်၊ ကျန်းမာရေးနှင့် ဆိပ်ကမ်းစည်းမျဉ်းများအရ မည်သည့်ငြိစွန်းမှုမျှ မရှိကြောင်း အတည်ပြုနိုင်သဖြင့် မတ် ၂၄ ရက် ညနေပိုင်းတွင် တရုတ်သို့ ဦးတည်ခုတ်မောင်း ထွက်ခွာသွားခြင်း ဖြစ်သည်။
“မူဝါဒပိုင်းအရ Jin Teng ကုန်တင်သင်္ဘောကိုဆက်ပြီး ထိန်းသိမ်းထားစရာ မလိုတော့ပါဘူး”ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအရာရှိ ချားလ်ဟိုဆေးက ဆိုသည်။ သင်္ဘောပေါ်တင်ဆောင်လာသည့် ကုန်စည်များကို ကုလသမဂ္ဂအဖွဲ့အစည်းများက လာရောက် စစ်ဆေးမှု လုံးဝမရှိခဲ့ချေ။

“အမေရိကန်သံအမတ်သစ် ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားမည့် သံအမတ်အသစ် မစ္စတာစကော့မာစီရယ်လ်နှင့်ဇနီးတို့သည့် မြန်မာနိုင်ငံသို့ ယနေ့(မတ်လ ၂၅ရက်) တွင် ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်သံရုံးက ယင်းတို့၏ ဖေ့ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်၏နေရာတွင် ဆက်လက် တာဝန်ထမ်းဆောင်သွားမည့်သူလည်း ဖြစ်သည်။ ယခုရာထူးမတိုင်မီက သံအမတ်ကြီးမာစီရယ်လ်သည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုတွင် အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ် သြဂုတ် မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ယင်းရာထူးတာဝန်ကို ဝါရှင်တန်၌ မထမ်းဆောင်မီ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အရှေ့တောင်အာရှနှင့်ဆက်ဆံရေး ကို တာဝန်ယူရသော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံရေးရာ သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။